ဖယ်ကာအိုကို ချဲလ်ဆီးက ၁ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူ

ချဲလ်ဆီးက တိုက်စစ်မှူး ဖယ်ကာအိုကို ပြင်သစ်ကလပ် မိုနာကိုအသင်းကနေ တနှစ် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူလိုက်ပါတယ်။
မန်ယူက တိုက်စစ်မှူး ဖယ်ကာအိုကို အငှားနဲ့ ခေါ်ယူထားတဲ့ တနှစ်ပြည့်အပြီးမှာ ပေါင် ၄၃ သန်းကျော်နဲ့ ၀ယ်ယူဖို့ ငြင်းဆန်တဲ့အတွက် ချဲလ်ဆီးက ခေါ်ယူသွားတာပါ။
သူဟာ မန်ယူအတွက် ပြီးခဲ့တဲ့ရာသီမှာ ၂၉ ပွဲ ကစားခွင့်ရခဲ့ပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လောလောဆယ် ကိုလံဘီယာအသင်းနဲ့အတူ ချီလီနိုင်ငံ ကိုပါဖလား ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။
ချဲလ်ဆီးဟာ မန်ယူလိုပဲ ဖယ်ကာအိုကို တနှစ်အငှားနဲ့ ခေါ်ယူအပြီးမှာ အပြီးသတ် ၀ယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုကတော့ ဖယ်ကာအိုကို အမြင့်ဆုံး ခြေစွမ်းမျိုး ပြန်ရောက်ဖို့ ကူညီခွင့်ရချင်တယ်လို့ ပြောဆိုထားပါတယ်။
ကိုလံဘီယာတိုက်စစ်မှူးကို မိုနာကိုအသင်းက အက်သလက်တီကို မက်ဒရစ်ကနေ ၂၀၁၃ မှာ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တာပါ။ သူဟာ အဲဒီမတိုင်ခင်က ပေါ်တူဂီကလပ် ပေါ်တိုမှာ ၂ ရာသီ ကစားခဲ့ပြီး ၇၂ ဂိုး သွင်းပေးထားပါတယ်။ ဖယ်ကာအိုဟာ ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာနဲ့အတူ တွဲဖက် ကစားရမှာ ဖြစ်ပါတယ်။