ကျနော့်ကစားသမားတွေ ဒီပွဲမှာ တိုက်ခိုက်လိုစိတ်အပြည့်နဲ့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ် – မြန်မာအသင်း နည်းပြချုပ် အဗရာမိုဗစ်ခ်ျ

ဓာတ်ပုံ - MFF
1.3K
မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယား အသင်းနဲ့ ဇွန် ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ဘောလုံးကွင်းမှာ ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲအပြီးမှာ မြန်မာအသင်း နည်းပြချုပ် အဗရာမိုဗစ်ခ်ျက မီဒီယာတွေကို အခုလို ပြောကြားသွားပါတယ်။
“၂-၀ နဲ့ ရှုံးတာဆိုတော့ ရလဒ်မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ ဂိုးတွေကို တည်ကန်ဘောတွေကနေ ပေးလိုက်ရတာ ကျနော်တို့ ကံဆိုးတာပါ။ ပထမဂိုးဆို ကျနော့် ခံစစ်သမားတွေ အာရုံစူးစိုက်မှု လျော့နည်းသွားချိန် ပေးလိုက်ရတာပါ။ နို့မဟုတ်ရင် ဒီထက် ရလဒ် ကောင်းနိုင်ပါတယ်။
နောက်တချက်က ကိုရီးယားအသင်းဟာ ကျနော်တို့ကို အလေးမထားခဲ့ပါဘူး။ ဒါကြောင့် သူတို့ ရသင့်တဲ့ဂိုးတွေ မရခဲ့ဘူး။ သူတို့သာ လေးလေးစားစား ကစားခဲ့ရင် ဒီထက်ပိုပြီး ဂိုးတွေ ရနိုင်ပါတယ်။
ခြုံပြီးပြောရရင်တော့ ကျနော့်ကစားသမားတွေ ဒီပွဲမှာ တိုက်ခိုက်လိုစိတ်အပြည့်နဲ့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ တောင်ပံကနေ တိုက်စစ်ဆင်ဖို့ မှာကြားခဲ့ပေမယ့် မအောင်မြင်ခဲ့တာ၊ တန်ပြန်တိုက်စစ်ကို ကောင်းကောင်း အသုံးမပြုနိုင်ခဲ့တာတွေ ရှိပေမယ့် သူတို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ၂-၀ ဆိုတဲ့ ရလဒ်က ရလဒ်ဆိုး မဟုတ်ပါဘူး။”