ပင်လယ်ကြမ်းပြင်တူးစက် တရုတ် စမ်းသပ်

896
တရုတ်ပြည်တွင်းထုတ် ပင်လယ်ကြမ်းပြင်တူးစက်ကို ဇွန်လ ၁၄ ရက်နေ့က တောင်တရုတ်ပင်လယ်မှာ စမ်းသပ်တူးဖော်မှုတွေကို အောင်အောင်မြင်မြင်ပြုလုပ်ခဲ့ပြီး နိုင်ငံအရှေ့ပိုင်းက ဖူဂျမ်းပြည်နယ်ကို ချောချောမောမော ပြန်လည်ရောက်ရှိလာကြပါတယ်။
Sea Bull လို့ အမည်ပေးထားတဲ့ ပင်လယ်ကြမ်းပြင်တူးစက်ဟာ ပင်လယ်ရေအောက်အနက် မီတာ ၃ ထောင်နေရာမှာ တူးဖော်နိုင်ပြီး အဲ့ဒီအောက် မြေအနက်မီတာ ၆၀ အထိ တူးဖော်နိုင်တယ်လို့ ဟူနန်တက္ကသိုလ်၊ ပင်လယ်ရေအောက် သဘာဝအရင်းအမြစ် ရှာဖွေရေးနည်းပညာ တွဲဖက်ပါမောက္ခ Luo Bowen က ဆိုပါတယ်။
ဒီစက်ကို အခုလို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အခုလိုနည်းပညာမျိုးကို ပိုင်ဆိုင်တဲ့ ၄ နိုင်ငံမြောက် ဖြစ်လာပါတယ်။
ဒီတူးဖော်စက်ကို ပင်လယ်ရေအောက် မီတာ ၅၀၀၀ မှာ ရေဖိအားကို ခံနိုင်အောင် ထုတ်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။
ပင်လယ်ကြမ်းပြင်မှာ တူးဖော်တဲ့အခါ ကျောက်သားထုအမျိုးမျိုးကို ဖောက်ထွင်းနိုင်အောင် အထူးဒီဇိုင်းထုတ်ထားတဲ့ ၂ မီတာခွဲ လွန်သွား ၂၄ ချောင်း တပ်ဆင်ထားပါတယ်။
ပင်လယ်ရေအောက် မြေအနက် မီတာ ၆၀ ကို ၁၀ နာရီအတွင်း တူးဖော်ပြီး ရေအောက်မြေသား စံနမူနာကို ရယူနိုင်ဖို့ ထုတ်လုပ်ထားတာပါ။
ဒီစီမံကိန်း အောင်မြင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ ပင်လယ်ရေနက်ပိုင်း ဘူမိသိပ္ပံနဲ့ ဘူမိနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတလှမ်း တက်လှမ်းနိုင်တာလို့ စီမံကိန်းကို ဦးဆောင်သူ Zhou Yangrui က ပြောဆိုခဲ့ပါတယ်။