A d v e r t i s e m e n t With Us

သမ္မတသတင်းစာရှင်းလင်းပွဲလုပ်ရန် တောင်းဆို

တိုင်းပြည်ကို နှစ်နှစ်ဆယ်ကျော် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမွေကို ဆက်ခံလာတဲ့ သမ္မတသစ်ဖြစ်လာတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အနေနဲ့ အစိုးရတို့ရဲ့ ထုံးစံတွေနဲ့အညီ သတင်းစာရှင်းလင်းပွဲတွေပြုလုပ်ဖို့ ပြည်တွင်းစာနယ်ဇင်းလောကသားတွေက တောင်းဆိုလိုက်ကြပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်ကြာတဲ့အချိန်အထိ ပြည်ထောင်စုအစိုးရ အဆင့်နဲ့ ၀န်ကြီးတွေကို ပြောကြားတဲ့ မိန့်ခွန်းတွေကလွဲလို့ သမ္မတဦးသိန်းစိန်အနေနဲ့ သတင်းစာရှင်းလင်းပွဲ မပြုလုပ်သေးတဲ့အပေါ်ကို ပြည်တွင်းထုတ် ဂျာနယ် အယ်ဒီတာအချို့နဲ့ နိုင်ငံခြားသတင်းထောက်တွေက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ သမ္မတအနေနဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ မကြာခင်မှာ ကျင်းပပြု လုပ်ဖို့ရှိတယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေတဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ တောင်းဆို လိုက်ကြတာလည်း ဖြစ်ပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ ၀ါရင့် သတင်းစာဆရာ ဆရာမောင်ဝံသကတော့ ဂျာနယ်ကနေတဆင့် တွေ့ဆုံခွင့်ရဖို့ တောင်းဆိုဖို့ရှိနေတယ်လို့ ဆိုပါတယ်။ “သတင်းစာ ရှင်းလင်းပွဲကတော့ဗျာ နိုင်ငံအကြီးအကဲ အနေနဲ့ နိုင်ငံခြား ခေါင်းဆောင်တွေလည်း ဒီလိုပဲ လုပ်လေ့လုပ်ထ ရှိတာပဲ။ ကျနော်တို့ ဆိုရင်လည်း ကျနော်တို့ ပြည်သူ့ခေတ်ဂျာနယ်က အဲဒီ သမ္မတနဲ့ပေါ့ဗျာ တွေ့ဆုံပြီးတော့ပေါ့ဗျာ မေးခွန်းတွေပေါ့ တိုင်းပြည်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေ ပေးဖို့တောင် ကျနော်တို့ ပြင်ဆင်ထားပါတယ်။ တွေ့ခွင့်တောင်းတာပေါ့ဗျာ။ တွေ့ပြီးတော့ အင်တာဗျူးလုပ်ခွင့် တောင်းတာလေ။ အဲဒီတော့ အဲဒါကို ဘယ်လို တုံ့ပြန်မယ်ဆိုတာ ကတော့ မသိသေးဘူးပေါ့။” ဘာကြောင့်အခုလို တောင်းဆိုရတယ်ဆိုတာကိုလည်း ဆရာမောင်ဝံသက အခုလို ရှင်းပြပါတယ်။ “သတင်းစာ ရှင်းလင်းပွဲလုပ်တယ်၊ သတင်းစာဆရာတွေ မေးတာကို ပြန်ဖြေမယ်၊ နောက် သမ္မတအနေနဲ့ နိုင်ငံတော် အကြီးအကဲအနေနဲ့လည်း သူ့ အနေနဲ့ တိုင်းပြည်ကို ပြောစရာရှိတာတွေ ပြောမယ်ဆိုတာ သတင်းစာ ဆရာတွေက ပေါင်းကူးတံတားပဲ။ ပြည်သူလူထုကိုယ်စား ပြည်သူလူထုကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြောတဲ့ နည်းလည်းရှိတယ်။ နောက်တခါ သတင်းစာ ဆရာတွေနဲ့တွေ့ ပြီးတော့ သတင်းစာဆရာတွေ မေးတာကို ဖြေမယ်။ နောက်တခါ သမ္မတ အနေနဲ့ ရှင်းလင်းသင့်တာတွေ ပြန်ရှင်းလင်းပြောပြတာ ပေါ့ဗျာ အဲဒါမျိုးရှိတယ်။ အဲဒီ ၂ ခုထဲမှာ ရုပ်မြင်သံကြားကနေပြီးတော တိုက်ရိုက် တိုင်းပြည်ကို အသံလွှင့်ပြီေးတာ့ ပြောတာမျိုးကျတော့လည်း သူက တော်တော် အရေးကြီးမှပဲ ပြောဖို့ လိုအပ်တော့မှပဲ ပြောရတာကိုး။ သတင်းစာဆရာတွေနဲ့ ပုံမှန်တွေ့တာကတော့ဗျာ ဥပမာ ၁ လ တကြိမ်တွေ့တယ်။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ကာလတခုပေါ့။ အဲဒီအချိန်မှာ သမ္မတကိုယ်တိုင် တွေ့မယ်၊ ပြီးတော့ မေးချင်တာတွေ မေးတယ်ဆိုတာက သတင်းစာဆရာတွေ မေးတယ်ဆိုတာကလည်း ပြည်သူလူထု သိချင်တဲ့ ဒါမှမဟုတ် ပြည်သူလူထု သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို သူတို့က မေးတာကိုး။ သီးခြား ကိုယ့်ဖာ့ကို ကိုယ်သိချင်တာကို မေးတာမှ မဟုတ်တာ။ တိုင်းပြည်နဲ့ ပတ်သက်တဲ့ ရေးရာတွေကို မေးခွန်းတွေ ထုတ်မယ်၊ ပြီးတော့ ဖြေကြားတာတွေကို ကျနော်တို့က ပြန်ပြီးတော့ တိုင်းပြည်ကို ပြန်တင်ပြမယ် အဲဒီ သဘောဖြစ်ပါတယ်။ ဒီအလေ့အကျင့်က အင်မတန်ကောင်းပါတယ်။ အင်မတန်ကောင်းတယ်ဆိုတာက နိုင်ငံတော်အစိုးရအနေနဲ့လည်း သူဘက်က ကြည့်ရင်လည်းကောင်းတယ်။ တိုင်းပြည်ဘက်က ကြည့်ရင်လည်း ကောင်းတယ်။ နောက် ကျနော်တို့ မီဒီယာတွေဘက်က ကြည့်ရင်လည်း ဒါ ပြည်သူလူထုကို ကျနော်တို့ အလုပ်အကြွေးပြုရတာပေါ့ဗျ ပိုကောင်းပါတယ်။” အခြား သတင်းဂျာနယ်အချို့ အယ်ဒီတာတွေကလည်း အစိုးရနဲ့ သမ္မတ အနေနဲ့ တာဝန်ခံ တာဝန်ယူမှုရှိတဲ့ သတင်းစာရှင်းလင်းပွဲတွေ ပုံမှန် လုပ်ဖို့ တိုက်တွန်း ရေးသားတာမျိုး စာပေစီစစ်ရေးက ခွင့်ပြုမပြု စောင့်ကြည့်ရမယ်လို့လည်း ပြောကြားတာမျိုး ရှိပါတယ်။ ဒီရက်ပိုင်းအတွင်း သမ္မတက သူ့ရဲ့ အိမ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်လိမ့်မယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဂျပန်သတင်းဌာနတခုဖြစ်တဲ့ ဆန်းကေးရှင်ဘွန်းက ဒေါက်တာ ဇော်သန်းက အခုလိုပြောပါတယ်။ “ဧပြီလဆန်းလောက်က သမ္မတဂုဏ်ပြုထမင်းစားပွဲကို နိုင်ငံခြားသတင်းထောက်တွေ ဖိတ်ပါတယ်ဆိုပြီးတော့ နိုင်ငံခြားသတင်းထောက်အသင်းကို ဖုန်းဆက်လာတယ် တယောက်က။ အဲဒါနဲ့ ပြန်ကြားရေးဝန်ကြီဌာနကို မေးကြည့်တော့ မဟုတ်ပါဘူးတဲ့ ပြောတယ်ဗျ သိလား။ အခုလည်း အဲဒီလို ဖြစ်နေဦးမယ်ဗျ။ အခုချိန်ထိတော့လေ ဘာမှ ကျနော်တို့ကိုတော့ ခင်ဗျားပြောတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ပြောတာတော့ ဘာမှ မရှိသေးဘူး။ ပြောတော့ မပြောနိုင်ဘူးပေါ့လေ ခေါ်မယ်ဆိုရင်တော့ ကျနော်တို့က သွားရမှာပေါ့လေ။ သိပ်ပြီးတော့ ဘာမှ မကြားသေးလို့ပါ။” လက်ရှိအခြေနေမှာတော့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာတော့ တိုင်းပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေကို အလေးထားဖို့ ပြောကြား ထားပေမယ့်လည်း အခုအထိ အစိုးရပိုင်ရုပ်မြင်သံကြားလိုင်းတွေ၊ နေ့စဉ်သတင်း စာတွေ၊ ပုဂ္ဂလိကဂျာနယ်တွေမှာ နအဖစစ်ကောင်စီလက်ထက်က ၀ါဒဖြန့်ချိရေး ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေကို ဆက်လက်ဖော်ပြနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up