Home
မြန်မာသတင်း
အိမ်စီးကားလိုင်စင်သက်တမ်း၂ နှစ်ထိ တိုးမြှင့်သတ်မှတ်ပေးမည်
အာကာ
·
June 16, 2015
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က အိမ်စီးကား အချို့ကို လာမယ့် ဇူလိုင်လ ၁ရက် က စပြီး လိုင်စင်သက်တမ်း ၂ နှစ်ထိ တိုးမြှင့်သတ်မှတ်ပေးသွားမယ်လို့ ကညန ရန်ကုန် အရှေ့ပိုင်းခရိုင် ခရိုင်ဦးစီးမှူး ဦးစန်းယုက ဒီဗွီဘီကိုပြောပါတယ်။ ယာဉ်အမှတ် ၆ဂ အက္ခရာနဲ့အထက် ကိုယ်ပိုင်လူစီးယာဉ်တွေဖြစ်တဲ့ ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် ၁၅ ယောက်စီး မိုက်ခရိုဘတ်(စ်)၊ လိုက်ဖ်ဗင်န်၊ ဂျစ်ကားနဲ့ ၊ Double Cab ကားတွေ သက်တမ်းတိုးတာကို လက်ရှိသက်တမ်း ၁ နှစ် ပေးနေရာကနေ သက်တမ်း ၂ နှစ်ကို ပြောင်းလဲ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နံပတ်အနီ အငှားယာဉ်၊ စီးပွားရေးလုပ်ငန်းသုံး ခရီးသည်တင်ယာဉ်၊ ယာဉ်ကြီး၊ စက်မှုဇုန်ထုတ်ယာဉ်တွေနဲ့ ’၆ဂ’ အက္ခရာအောက် ယာဉ်တွေကိုတော့ လက်ရှိသက်တမ်းအတိုင်း ၁ နှစ် ၁ ကြိမ်သာ ဆောင်ရွက်ပေးမယ်လို့ လည်း ကညန အရာရှိက ပြောပါတယ်။ သက်တမ်း ၂ နှစ် တိုးပေးမယ့် အစီအစဉ်ကြောင့် ဇူလိုင်လမှာ ယာဉ်သက်တမ်းတိုးမယ့် ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း ယာဉ်ကျပ်တည်းပြီး စောင့်ဆိုင်းရတာမျိုး မရှိအောင် သက်တမ်းကုန်ဆုံးမယ့် ရက်မတိုင်မီ ကြိုတင်ဆောင်ရွက်ကြဖို့လည်း ကညနဌာနက ဆော်သြ ထားပါတယ်။ မြန်မာနိုင်ငံတ၀န်း မှာ ၂၀၁၅ ဇန်န၀ါရီလအထိ ယာဉ်စီးရေပေါင်း ၅ သန်းနီးပါးထိ ရှိနေပြီလို့ ကညန တရားဝင် ထုတ်ပြန်ထားတဲ့စာရင်းအရသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024