Home
ဆောင်းပါး
တရုတ်စစ်သူကြီး ဆွန်ဇူးရဲ့ သွေးတိတ်စေမယ့် စစ်ရေးအမြင် အနုပညာ (ဆောင်းပါး)
DVB
·
June 17, 2015
ပြီးခဲ့တဲ့အပတ်ထဲမှာ ဗုဒ္ဓနေ့ (Vesak Day) က တနင်္လာနေ့မှာ ကျနေလို့ အားလပ်ရက်တရက် ပိုရခဲ့တယ်။ ဒါနဲ့ စာအုပ်စင်ပေါ် အလွယ်တကူ တင်ထားမိတဲ့ ဆွန်ဇူးရဲ့ စစ်ရေးဒဿနအမြင်အကြောင်း ဘာသာပြန်စာအုပ်လေးကို ပြန်ဖတ်ဖြစ်ခဲ့တယ်။ သောမတ်စ် ဟယူးခ်ျ ဘာသာပြန်ထားတဲ့ The Art Of War : Spirituality For Conflict ဆိုတဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်လေးကို ဒုတိယအကြိမ် ပြန်ဖတ်မိရတဲ့ အကြောင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို သတိရသွားမိလို့ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အခန်း (၃) ထဲက ပုဒ်မ ၅၉(ဃ) မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတွေရဲ့ အရည်အချင်းတွေ သတ်မှတ်ရာမှာ နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်လို့ ဖော်ပြထားတယ်။ နိုင်ငံတော်သမ္မတသည် စစ်ဗိုလ်ဖြစ်ရမည်လို့ ဗြောင်ရေးရင် သိပ်မျက်နှာပြောင်တိုက်ရာ ကျမှာစိုးလို့နဲ့ တူပါတယ်။ အဲ့ဒီအချက်ကို ပိုသေချာအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) နိုင်ငံတော်ရဲ့ အခြေခံမူများထဲမှာ ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်လို့ ထည့်သွင်းထားပြန်တယ်လေ။ ဒါဟာ အမျိုးသားနိုင်ငံရေးကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းနိုင်အောင် နှပ်ကြောင်းပေးထားတာ မဟုတ်လား။ စစ်ရေးအမြင်လို့ ပြောလိုက်တာနဲ့ စာရေးသူ နားလည်သတ်မှတ်ထားတဲ့ စစ်ရေးအမြင် နှစ်မျိုးနှစ်စားအကြောင်း ခွဲပြောချင်ပါသေးတယ်။ ပထမအမျိုးအစားက သွေးတိတ်စေတဲ့ စစ်ရေးအမြင် လို့ ခေါ်နိုင်ပါတယ်။ ဒုတိယအမျိုးအစားကတော့ သွေးထွက်စေတဲ့ စစ်ရေးအမြင် ပဲဖြစ်တယ်။ ထင်ရှားတဲ့ ဥပမာဆောင်ရရင် သိုင်းပညာတရပ်ကို မိမိအပေါ် စော်ကားလာရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ အမှန်တရားကို စောင့်ရှောက်ရအောင် အသုံးချသူနဲ့ သိုင်းပညာအားကိုးပြီး တခြားသူတွေကို ဗိုလ်ကျအနိုင်ကျင့်သူ နှစ်မျိုးရှိသလိုပါပဲ။ ဆွန်ဇူးအကြောင်း ပြန်ကောက်ရရင် ပထမအဆင့်အနေနဲ့ သူ့ကို မကြားဘူးသေးတဲ့ စာဖတ်ပရိသတ်အတွက် သူ့အကြောင်း နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ ဆွန်ဇူးဟာ ဘီစီ ၅၄၄ မှာ မွေးဖွားခဲ့ပြီး ဘီစီ ၄၉၆ မှာ သေဆုံးခဲ့တယ်လို့ သမိုင်းပညာရှင်တချို့က ယုံကြည်ကြပါတယ်။ တရုတ်ပြည်ရဲ့သမိုင်းခေတ်တွေထဲက ကျို့ ဒိုင်နာစတီခေတ် (Zhou Dynasty BC 1045-256 BC) နှောင်းပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ စစ်ရေးပညာရှင်လည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်တဲ့ ဆွန်ဇူးဟာ သူ့ရဲ့ ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ "The Art of War" ကို ဘီစီ ၅၁၅ မှာ ရေးသားခဲ့တယ်လို့ ဆိုကြတယ်။ သာမန်ကာလျှံကာတွေးရင်တော့ ဘုန်းတန်ခိုးအာဏာနဲ့ နယ်ပယ်ချဲ့ထွင်ဖို့  စစ်သွေးကြွ ပဒေသရာဇ်မင်းတွေ မင်းမူနေတဲ့ စစ်မက်မြို့ပြနိုင်ငံများခေတ် (Warring States Period) ခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ စစ်သူကြီးဆွန်ဇူးရဲ့ စစ်ရေးအမြင်ဟာ စစ်သွေးဆာနေမှာပဲလို့ တွေးထင်စရာပါ။ ဒါပေမယ့် သူ့ရဲ့စစ်ရေးအမြင် ဒဿနတွေနဲ့ အဆိုအမိန့်တွေကို အတ္တမဖက်ဘဲ သေသေချာချာ လေ့လာကြည့်လိုက်ရင် ဆွန်ဇူးရဲ့ စစ်ရေးအမြင်ဟာ သွေးထွက်သံယို မဖြစ်စေဘဲ ပဋိပက္ခတွေကို ဖြေရှင်းလို့ရအောင် ငြိမ်းချမ်းရေးကို ဦးတည်တဲ့၊ သွေးတိတ်စေတဲ့ စစ်ရေးအမြင်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ တခုရှိတာက ဆွန်ဇူးရဲ့အတွေးအမြင် ဒဿ      နတွေကို ထုတ်နုတ်သုံးစွဲသူဟာ မိမိနဲ့ မိမိအဖွဲ့အစည်းတခုတည်း ကောင်းစားဖို့ လိုတာလေးတွေပဲ ကွက်ကွက်ကလေးယူ အသုံးချရင်တော့ သွေးတိတ်စေမှာ မဟုတ်ဘူး။ ခေတ်သစ်တရုတ်ပြည်ရဲ့ စစ်တက္ကသိုလ်တွေနဲ့ စစ်အကယ်ဒမီကျောင်းတွေမှာ ဆွန်ဇူးရဲ့ The Art of War စစ်ရေးအမြင်တွေကို ထည့်သွင်းသင်ကြားပေမယ့် ခုချိန်ထိ တပ်နီတော်ဟာ ဆွန်ဇူးရဲ့ သွေးတိတ်စေတဲ့ စစ်ရေးအမြင်ကို နားလည်ကျင့်သုံးနိုင်ခြင်း မရှိဘူးလို့ စာရေးသူက သုံးသပ်ချင်ပါတယ်။ တကယ်လို့သာ တရုတ်တပ်နီတော်ဟာ မှန်မှန်ကန်ကန် လိုက်နာကျင့်ကြံခဲ့ရင် တိဘက် (Tibet) ဒေသ၊ ဇင်ကျန်း (Xinjiang Uyghur Autonomous Region) ဒေသ စတာတွေမှာ အခုလို သွေးထွက်သံယိုမှုတွေ အစောပိုင်းကတည်းက အဆုံးသတ်နိုင်ပါတယ်။ တရုတ်တပ်နီတော်နဲ့ မြန်မာ့တပ်မတော် လက်ရှိကျင့်သုံးနေတဲ့ စစ်ရေးအမြင်ဟာ သွေးထွက်စေတဲ့ စစ်ရေးအမြင်ဆိုတာ နှစ်ပရိစ္ဆေဒ ကြာညောင်းနေပြီဖြစ်တဲ့ ပြည်တွင်းစစ်တွေနဲ့ မငြိမ်သက်မှုတွေက သက်သေခံနေပါတယ်။ ဆွန်ဇူးရဲ့ အောက်ပါအဆိုအမိန့်တချို့မှာ သူ့ရဲ့ သွေးမထွက်စေချင်တဲ့ စစ်ရေးအမြင် တပိုင်းတစကို မြင်နိုင်ပါတယ်။ “The supreme art of war is to subdue the enemy without fighting.”  “Those who win every battle are not really skillful – those who render others’ armies helpless without fighting are the best of all.” အနှစ်ချုပ်ပြောရရင် စစ်ပွဲတွေခင်း၊ အသက်တွေမရင်းရဘဲ အိုးအိမ်တွေပျက်၊ သွေးချွေးတွေ မထွက်စေဘဲ ပဋိပက္ခတွေကို ဖြေရှင်းတဲ့ စစ်ရေးဒဿ      န အမြင်ကသာ ကြီးကျယ်ခမ်းနား ဂုဏ်ယူထိုက်တယ်လို့ ဆိုချင်တာပါ။ The Art of War ဆိုတဲ့ ဂန္ထဝင်စစ်ကျမ်းကို ပြုစုခဲ့တဲ့ ဆွန်ဇူးရဲ့ ရည်ရွယ်ချက် အရင်းခံဟာ ကြောက်မက်ဖွယ် စစ်ပွဲကြီးတွေကို အရောင်သဖို့ မဟုတ်သလို၊ ဓါးလှံလေးမြားတွေ အရောင်ထစေဖို့လည်း မဟုတ်ဘူး။ နောင်လာ နောက်သားတွေ၊ စစ်ခေါင်းဆောင် ပဒေသရာဇ်တွေကို လက်နက်ကိုင် ပဋိပက္ခတွေအပေါ် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့၊ လူပေါင်းများစွာရဲ့ အသက်နဲ့ ဘဝတွေကို ဖျက်ဆီးတတ်တဲ့ စစ်ပွဲကြီးတွေ အဆုံးသတ်နိုင်ဖို့နဲ့ ဖြစ်ပေါ်မလာအောင် တားဆီးနိုင်ဖို့အတွက် အားထုတ်ရေးသားခဲ့တာ မြင်သာပါတယ်။ မိမိနဲ့ မိမိပြိုင်ဘက်ရဲ့ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက်နိုင်ဖို့ The Art of War ကျမ်းထဲမှာ ဆွန်ဇူးထောက်ပြထားတဲ့ မဟာဗျူဟာကျတဲ့ ညွှန်းကိန်း ၅ ချက် ပါရှိပါတယ်။ အဲ့ဒါတွေကတော့ ၁။ Way ဦးတည်ရာလမ်း၊ ၂။ Heaven ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ၃။ Ground - ရေခံမြေခံအနေအထား၊ ၄။ General ခေါင်းဆောင်ကောင်း၊ ၅။ Law ဥပဒေစိုးမိုးမှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည် စတာတို့ဖြစ်တယ်။ (၁) Way - ဦးတည်ရာလမ်း စစ်တပ်တတပ်အတွက်ဖြစ်ဖြစ်၊ ပါတီတခုအတွက်ဖြစ်ဖြစ်၊ နိုင်ငံတခုအတွက်ဖြစ်ဖြစ် ခေါင်းဆောင်ကနေ အောက်ခြေငယ်သားအထိ ဦးတည်ချက် လျှောက်မယ့်လမ်းအပေါ် အကြွင်းမဲ့ ယုံကြည်မှုတူ၊ စိတ်ဓာတ်တူ၊ ဘုံအသိတူပြီး ညီညီညွတ်ညွတ်ရှိနေဖို့ သိပ်အရေးကြီးတယ်။ ဆိုလိုတဲ့ သဘောက ရည်မှန်းချက် ဦးတည်ရာလမ်းကို ခေါင်ဖျားကနေ ကြမ်းကြားအထိ အသိတရားနဲ့ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ယုံကြည်ပြီး အတူလျှောက်လှမ်းလိုစိတ် ပြင်းထန်တဲ့ လူ့အဖွဲ့အစည်းဟာ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်တယ်လို့ ဆွန်ဇူးက ဆိုပါတယ်။ တနည်းအားဖြင့်ပြောရရင် တပ်မှူးတပ်သား ပြည်သူများရဲ့ ယုံကြည်မှု၊ ထောက်ခံမှု မရရင် ဘာလုပ်လုပ် မအောင်မြင်နိုင်ဘူးလို့ ပြောတာပါပဲ။ ကဲ အခုလက်ရှိ မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်တွေ လျှောက်နေတဲ့၊ ဦးတည်ရာလမ်းဖြစ်တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ဆိုတာကို ပြည်သူလူထုက ယုံကြည်ပါသလား၊ ထောက်ခံကြပါရဲ့လား၊ စစ်အာဏာရှင်များကိုယ်တိုင် ရဲရဲဝံ့ဝံ့ ဖြေကြည့်လိုက်ပါ။ ပြည်သူထောက်ခံမှု မပါဘဲ ဆင်နွှဲနေတဲ့ စစ်ပွဲတွေ၊ နိုင်ငံရေးတိုက်ပွဲတွေဟာ သွေးထွက်သံယိုမှုများမယ်၊ အနိဋ္ဌာရုံတွေနဲ့ နောက်ဆုံး ကျဆုံးရမယ်လို့ ဆိုချင်တာပါ။ (၂) Heaven - ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် အခြေအနေ စစ်ပွဲတပွဲကိုပဲတိုက်တိုက်၊ ရွေးကောက်ပွဲတခုကိုပဲပြိုင်ပြိုင် ခန့်မှန်းရခက်ခဲတဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ အပူအအေး၊ နေ့ ည၊ အလင်းအမှောင်၊ မိုးလေဝသ အခြေအနေနဲ့ နိုင်ငံရေးရာသီဥတု၊ မိမိတပ်ဖွဲ့ဝင်၊ မိမိပါတီဝင် ပြည်သူလူထုရဲ့ဆန္ဒ စိတ်အားထက်သန်မှုရှိမရှိ၊ စိတ်ဓာတ်အတက်အကျ၊ ခွန်အားခံနိုင်ရည် စတာတွေကို မပြတ်အကဲခတ်ပြီး လိုက်လျှော်ညီထွေစွာ လှုပ်ရှားဆုတ်တက် စစ်ဆင် ပြိုင်ပွဲဝင်တတ်ဖို့ဟာ အလွန်အရေးကြီးတဲ့ သဘောပါ။ စစ်သူကြီးတဦးဟာ ပြောင်းလဲနေတဲ့ မိုးလေဝသ အခြေအနေ၊ ကြမ်းတမ်းဆိုးဝါးတဲ့ ရာသီဥတု ဖိစီးမှုအောက်မှာ မိမိတပ်မှူး တပ်သားတွေရဲ့ ခံနိုင်ရည်၊ စိတ်ဓာတ်အင်အား၊ တိုက်ပွဲဝင်လိုစိတ် ရှိမရှိ သိအောင်စုံစမ်းဖို့ လိုသလို တိုင်းပြည်ခေါင်းဆောင်အနေနဲ့လည်း တိုင်းသူပြည်သားတွေရဲ့ဆန္ဒမှန်ကို သိရှိအောင် ကြိုးစားဖို့လိုသလို အလေးထား ထည့်သွင်းတွက်ချက်မှု၊ ပြည်သူတွေရဲ့ လိုလိုလားလား ထောက်ခံမှုကို မဖြစ်မနေ ရယူမှသာ အလုပ်ပြီးမြောက် အောင်ပွဲရောက်နိုင်တယ်လို့ ဆိုချင်တာပါ။ (၃)  Ground - ရေခံမြေခံအနေအထား အနိမ့်အမြင့်၊ အနီးအဝေး၊ အတားအဆီး ချောမွေ့မှု၊ အကျယ်အကျဉ်း၊ အန္တရာယ် လုံခြုံမှု စတဲ့ ရေမြေ အနေအထားတွေ၊ ဒေသခံ ဓလေ့ထုံးတမ်း အစွဲအလမ်း၊ ယဉ်ကျေးမှု ဥပဒေသတ်မှတ်ချက် စတာအားလုံးဟာ Ground - ရေခံမြေခံအနေအထား Landscape ထဲမှာ အကျုံးဝင်ပါတယ်။ ရေမြေတောတောင် ပထဝီအနေအထား တည်ရှိနေပုံတွေကို ရင်းနှီးကျွမ်းဝင်နေရုံမက အဲ့ဒီ ရေမြေဖွဲ့စည်းပုံ အကန့်အသတ်၊ အတားအဆီး၊ အခက်အခဲတွေကို အကျိုးရှိစွာအတွက် အသုံးချတတ်ဖို့ လိုတယ်လို့ ဆွန်ဇူးက ဆိုပါတယ်။ ပြီးတော့ ဒေသခံပြည်သူတွေရဲ့ ရိုးရာဓလေ့ထုံးစံ ဥပဒေသတွေ၊ ယဉ်ကျေးမှုအစဉ်အလာ ယုံကြည်မှုတွေကို လေးစားအသိအမှတ်ပြုရင်း အချိန်ကိုက် အခါကိုက် အဲ့ဒီ ဓလေ့ထုံးတမ်း အစဉ်အလာ ကန့်သတ်ချက်တွေကို မိမိအင်အားအဖြစ် ပြောင်းလဲအသုံးချနိုင်စွမ်းလည်း ရှိဖို့လိုပါသတဲ့။ (၄) General ခေါင်းဆောင်ကောင်း ခေါင်းဆောင်တယောက်ဟာ နောက်လိုက်ဗိုလ်ပါ ပြည်သူတွေရဲ့ နှလုံးသားအသိနဲ့ ယုံကြည်ကိုးစားထောက်ခံမှု ရနိုင်ဖို့ဆိုတာ အောက်ပါအရည်အသွေး ၅ ချက်နဲ့ ပြည့်စုံရမယ်လို့ ဆွန်ဇူးက ယုံကြည်တယ်။ က။ ဉာဏ်ပညာ - Wisdom၊ ခ။ ကောင်းသတင်းဂုဏ်သိက္ခာ - Credibility၊  ဂ။ စေတနာ သဒ္ဓါတရားကောင်းမှု ရက်ရောမှု - Benevolence၊ ဃ။ ရဲစွမ်းသတ္တိ - Courage နဲ့ င။ စည်းကမ်းစိတ်ဓာတ်ကောင်းမွန်မှု - Discipline တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စစ်အာဏာရှင်တွေရဲ့ အရည်အသွေးကို ဆွန်ဇူးရဲ့ပေတံနဲ့ တိုင်းကြည့်ကြရအောင်။ ဉာဏ်ပညာဆိုတာ အခြေအနေ အရပ်ရပ်အပေါ်မှန်ကန်စွာ အကဲဖြတ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမှုပါပဲ။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ ကောက်ကျစ်တတ်မှု၊ လှည့်ဖျားဉာဏ်များတတ်မှုဟာ ဉာဏ်ပညာမဟုတ်ပါဘူး။ မိုက်မဲမှု၊ အသိဉာဏ် အမှောင်ဖုံးမှုပါ။ ပြီးတော့ သူတို့မှာ ကောင်းသတင်း ဂုဏ်သိက္ခာမရှိဘဲ နာမည်ဆိုးနဲ့ ကျော်ဇောသတင်းသာ ထင်ရှားတာ မဟုတ်လား။ စေတနာသဒ္ဓါနဲ့ ရက်ရောမှုရှိမရှိကို ကြည့်လိုက်ပြန်တော့ သူတို့ကို သစ္စာခံဖို့အတွက်သာ သူတို့မပိုင်တဲ့အရာတွေ၊ ပြည်သူပိုင်ပစ္စည်းတွေကို ပေးကမ်းစွန့်ကြဲလေ့ရှိတာ လူတိုင်းသိပါတယ်။ ရဲစွမ်းသတ္တိ ဆိုပြန်တော့လည်း စစ်အာဏာရှင်တွေဟာ မိုက်ရူးရဲ လုပ်တတ်တာကလွဲလို့ အာဏာစွန့်ရမှာ ကြောက်၊ မတရားရထားတဲ့ စည်းစိမ်တွေ စွန့်ရမှာကြောက်၊ ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်ကို တာဝန်ယူရမှာကြောက်လွန်းလို့ ဘယာဂတိ အလွန်ကြီးမားတဲ့ သတ္တိနည်းသူတွေမဟုတ်လား။ စည်းကမ်းစိတ်ဓာတ်ကောင်းမွန်မှု ဆိုရာမှာလည်း စစ်အာဏာရှင်ဆိုတာ သေနတ်ပြောင်းနဲ့ထောက်၊ အကြောက်တရားနဲ့ ပြားပြားမှောက် အမိန့်နာခံတာကို စည်းကမ်းကောင်းတယ်လို့ တလွဲဆံပင်ကောင်းနေတဲ့ လူမျိုးတွေ မဟုတ်လား။ မတရားတဲ့ အမိန့်အာဏာကို ဆင်ခြင်တုံတရားမပါဘဲ အထက်ကအမိန့်မို့ ဆောင်ရွက်တာပါဆိုတဲ့ စစ်စည်းကမ်း အမှားကြီးနဲ့ စည်းကမ်းလိုက်နာတယ်ဆိုတဲ့ သူတွေဟာ ဘယ်သောအခါမှ ယုံကြည်အားထား စိတ်ချလို့ မရနိုင်ဘူး။ အဲ့ဒီလိုလူမျိုးတွေရဲ့ မျက်ကန်းလုပ်ရပ်တွေဟာ အနိဋ္ဌာရုံတွေဆီမှာ အဆုံးသတ်မှာ အသေအချာပဲ။ (၅) Law - ဥပဒေစိုးမိုးမှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည် ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုင်ဆိုင်ပြီး အောင်မြင်မှုရနေတဲ့ ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံဖြစ်ဖြစ်၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေဖြစ်ဖြစ်၊ စစ်သည်ရဲမက်ဗိုလ်ပါ ကုဋေကုဋာကျော်တဲ့ ခေါပဏီတပ်မတော်ကြီးပဲဖြစ်ဖြစ် အစဉ်အမြဲ ခိုင်မာတောင့်တင်းစွာ ရပ်တည်နိုင်ဖို့၊ အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်ဖို့အတွက် မှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်တရပ်နဲ့ တရားဥပဒေစိုးမိုးအောင်၊ အဂတိတရားကင်းအောင် ထိထိရောက်ရောက် စီမံခန့်ခွဲ အုပ်ချုပ်နိုင်ဖို့ လိုပါတယ်။ ရှင်းလင်းတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ တိကျတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေသတွေ၊ အဆင့်မြင့် စံရည်စံညွှန်းတွေ၊ ပီပြင်တဲ့ တာဝန်ဝတ္တရား သတ်မှတ်ချက်နဲ့ လုပ်ပိုင်ခွင့်တွေ၊ ထင်သာမြင်သာတဲ့ အခွင့်အရေး ခံစားမှုတွေနဲ့အတူ ပြတ်သားတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပြဋ္ဌာန်းဖို့ မဖြစ်မနေ လိုအပ်သလို မိမိခွန်အား မဖြုန်းတီးဖို့ မိမိရဲ့ ဘဏ္ဍာငွေကြေး ရိက္ခာဆေးဝါးတွေ မလေလွင့် မဆုံးရှုံးစေဖို့ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့လည်း လိုပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံတော်သမ္မတ အကြီးအကဲတယောက်မှာ ရှိသင့်တဲ့ စစ်ရေးအမြင်ပြောပြော၊ ကာကွယ်ရေးအမြင်လို့ခေါ်ခေါ် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ကို အာမခံနိုင်တဲ့၊ သွေးတိတ်စေတဲ့ စစ်ရေးအမြင်၊ ပြည်တွင်းစစ်မီးကြီးကို ငြိမ်းသတ်နိုင်တဲ့ ရေရှည်လုံခြုံရေး အမြင်ရှိဖို့ လိုတာပါ။ သေချာတာကတော့ လက်ရှိအစိုးရထဲက စစ်ဗိုလ်ချုပ်ဟောင်းတွေရော လက်ရှိ စစ်ဗိုလ်ချုပ်ကြီးငယ်တွေဆီမှာပါ တရုတ်စစ်သူကြီး ဆွန်ဇူးပြောတဲ့ သွေးတိတ်စေတဲ့ စစ်ရေးအမြင် မရှိဘူးဆိုတာ ယနေ့ထိတိုင် နှစ်ပေါင်း ၆၀ ကျော်တဟုန်းဟုန်း တောက်လောင်နေသေးတဲ့ ပြည်တွင်းစစ်မီးကြီးက သက်သေခံနေပါတယ်။ ဒီတော့ အထွေထွေချွတ်ခြုံကျမှုတွေနဲ့ ဆင်းရဲထု နက်လှတဲ့ တို့တိုင်းပြည်ကို ဆွဲထုတ်ကယ်တင်ဖို့ရာမှာ စစ်မီးလှုံပြီး စစ်နဲ့ကြီးပွား လုပ်စား၊ ဇွတ်စစ်တိုက်ချင်နေတဲ့ သွေးထွက်စေတဲ့ စစ်ရေးအမြင်ပဲရှိတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အရယူပေးနိုင်တဲ့၊ သွေးတိတ်စေမယ့် ကာကွယ်ရေးအမြင်ရှိတာ နိုင်ငံအကြီးအကဲ သမ္မတဖြစ်ထိုက်တာ ဘယ်သူလဲဆိုတာ ပြည်သူလူထုကြီးက အဖြေသိပြီးသားပါ။ ဒါကြောင့် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး ဦးအောင်သင်းရဲ့အောက်ပါကဗျာလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။ **************************** လှံကိုသို့ထား၊ ဓားကိုသို့ငင်၊ သို့ဝင်သို့ထွက်၊ သို့တက်သို့ခွာ၊ စစ်ပညာကို၊ ကြေစွာတတ်မြောက် ကျွမ်းကျင်လည်း ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော် ပြည်သူ့ခွန်အား၊ မကိုးစားသော် ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့။            ။ ******************************* လေးစားစွာဖြင့် မင်းကောင်းချစ် ဇွန်လ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024