A d v e r t i s e m e n t With Us

မြန်မာသင်္ဘောသား ၁ ဦးပါ မလေးရှား ဆီတင်သင်္ဘော အပိုင်စီးခံရ

မြန်မာ ၁ ဦးအပါအ၀င် သင်္ဘောသား ၂၀ ကျော်လိုက်ပါလာတဲ့ ဆီတင်သင်္ဘောအသေးတစီး မလေးရှားနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းမှာ အပိုင်စီးခံလိုက်ရတယ်လို့ မလေးရှား ပင်လယ်ရေကြောင်း အရာရှိတွေက ဇွန် ၁၅ ရက်နေ့က ပြောပါတယ်။ ဇွန် ၁၂ ရက်နေ့ကစပြီး အဆက်အသွယ်ပြတ်ခဲ့တဲ့ RON 95 ဓာတ်ဆီပေပါ ၅ သောင်းတင်ထားတဲ့ တန်ချိန် ၇၃၀၀ ရှိ ဆီတင်သင်္ဘောဟာ ဂျိုဟိုးဆိပ်ကမ်းကနေ ရေမိုင် ၃၀ အကွာမှာ ပျောက်သွားခဲ့တာလို့ မလေးရှား ပင်လယ်ရေကြောင်း အာဏာတည်ရေး အေဂျင်စီ (MMEA) က ပြောပါတယ်။ သင်္ဘောပေါ်က လောင်စာတွေကို အစိုးရ ထိန်းချုပ်ထားတဲ့ ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ ပေထရိုနပ်စ်က ပိုင်တာပါ။ MMEA ရဲ့ ဒု-ညွှန်ချုပ်နဲ့ ဒု-စစ်ဦးစီးမှူး အာမဒ် ပူဇီ အက္ကဘာက ဆီတင်သင်္ဘော အပိုင်စီးခံရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ “အင်ဒိုနီးရှား ရေပိုင်နက်ထဲဝင်ပြီး ပျောက်ဆုံးသင်္ဘောကို ဆက်ရှာဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရအောင် ကြိုးစားနေပါတယ်။ ပျောက်ဆုံးသင်္ဘောကို ခြေရာခံဖို့ ရှာဖွေရေးလေယာဉ် လွှတ်ပေးဖို့ အကူအညီတောင်းထားတာ သြစတြေးလျကတော့ ရပြီ။ အမေရိကန်ဆီကတော့ အကူအညီ တောင်းနေပါတယ်။” လို့ အာမဒ် ပူဇီ အက္ကဘာက ဆက်ပြောပါတယ်။ ကုန်သည်တွေကတော့ ပျောက်ဆုံးသင်္ဘောဟာ စံချိန်မီ ဆီတင်သင်္ဘောကြီးတွေနဲ့စာရင် သေးလို့ ပျောက်ဆုံး ဆီပမာဏက ဈေးကွက်ကို သက်ရောက်လောက်အောင် မများဘူးလို့ ပြောပါတယ်။ သင်္ဘောပေါ်မှာ မလေးရှား ၁၆ ယောက်၊ အင်ဒိုနီးရှား ၅ ယောက်နဲ့ မြန်မာ ၁ ယောက် စုစုပေါင်း ဝန်ထမ်း ၂၂ ယောက်ပါတယ်လို့ သင်္ဘောလိုင်း စီမံခန့်ခွဲရေးကုမ္ပဏီ အော်ကင်မ် ဟာမိုနီက ပြောပါတယ်။ သင်္ဘော အဆက်အသွယ်ပြတ်အပြီး ၁၀ နာရီကြာမှ အာဏာပိုင်တွေကို အကြောင်းကြားခဲ့လို့ သင်္ဘောပိုင်ရှင်ကို အပြစ်တင်ခဲ့ကြပါတယ်။ သင်္ဘောက အချက်ပေးခေါ်ဆိုမှု မလုပ်ခဲ့သလို ဆက်သွယ်ရေးနဲ့ ခြေရာခံစနစ် အားလုံးကို ပိတ်သွားတာ ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ အာရှဒေသအတွင်း ကုန်သင်္ဘောတွေကို တိုက်ခိုက်တာ တိုးလာနေတယ်လို့ အာရှဒေသ လက်နက်ကိုင်လုယက်မှုနဲ့ ပင်လယ်ဓားပြနှိမ်နင်းရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု သတင်းအချက်အလက်တွေက ပြထားပါတယ်။ ဇန်နဝါရီကနေ မေလကြား အာရှဒေသတွင်း ပင်လယ်ဓားပြတိုက်ဖို့ ကြိုးစားမှု အကြိမ် ၈၀ ရှိခဲ့ပြီး မနှစ်က ဒီလိုအချိန်ထက် ၂၀ ရာခိုင်နှုန်း ပိုတိုးလာတယ်လို့ ကိန်းဂဏန်းတွေက ပြသထားပါတယ်။ ဇွန်လ ၄ ရက်နေ့က ပေထရိုနပ်စ် ကုမ္ပဏီပိုင် ဒီဇယ်ဆီတွေ တင်လာတဲ့ ရေနံတင်သင်္ဘော အော်ကင်ဗစ်ထရီဟာလည်း ဒီလမ်းကြောင်းပေါ်က ဒီနယ်ပယ်ထဲမှာပဲ အပိုင်စီး ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up