A d v e r t i s e m e n t With Us

မြန်မာအလုပ်သမားများ သေဆုံး ဒဏ်ရာရရှိမှု ထိုင်းအစိုးရက ကူညီရန် တောင်းဆို

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘန်ကောက်မြို့ အနီး မဟာချိုင်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမားတွေနဲ့ မိသားစုတွေကို အစိုးရက ကူညီစောင့်ရှောက်ဖို့ ထိုင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ထိုင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာအဖွဲ့  ၈ ဖွဲ့ က ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို မနေ့က တင်ပြတောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေထဲမှာ ယာဉ်တိုက်မှု ဘေးအန္တရာယ် ဖြစ်ပွားစေတဲ့ စည်းကမ်းမဲ့မှုတွေမဖြစ်အောင် တင်းတင်းကြပ်ကြပ်အရေးယူကိုင်တွယ်ရန်၊ ယာဉ်တိုက်မှုအဖြစ်မှန်ကို အမြန်ဆုံးစစ်ဆေးပြီး သေဆုံး အနာတရ ဖြစ်ခဲ့ရတဲ့ မြန်မာအလုပ်သမားမှီခိုသူတွေအတွက် အထောက်အကူတွေ ပေးဆောင်ဖို့နဲ့ သက်ဆိုင်ရာဌာနတွေက အလုပ်သမားအထွေထွေရပိုင်ခွင်တွေနဲ့ အသက်ဘေးလုံခြုံစွာ သွားလာခွင့်ကို တပြေးညီချမှတ်ပေးရန်တို့ ပါဝင်ပါတယ်။ ဒီတောင်းဆိုမှုတွေဟာ အစိုးရအပိုင်းက အပူတပြင်းရှိလာဖို့ ဖိအားပေးတာဖြစ်ပြီး နစ်နာကြေးတွေ ရရှိနိုင်ဖို့ လက်တွေလုပ်ဆောင်ရမယ့်ဟာတွေကိုလည်း ထိုင်းရှေ့နေများကောင်စီ က ရှေ့နေ ခွန်ထနူက အခုလိုပြောပြပါတယ်။ “အမှုတိုင်လိုသူဟာ ရှေ့နေအဖွဲ့ကို ဥပဒေအရတိုင်ကြားတာတွေ လုပ်ရပါမယ်။ သေဆုံးသူနဲ့ တော်စပ်ကြောင်း အထောက်အထားတွေကိုပြရပါမယ်။ ဒီအထောက်အထားတွေဆိုတာ အလုပ်သမားလက်မှတ်ကို ပြောတာ မဟုတ်ဘူး၊ မြန်မာမှတ်ပုံတင်လို မည်သူမည်ဝါ အမှန်တကယ်ဖြစ်ကြောင်း အထောက်အထားမျှသာဖြစ်ပါတယ်။ ဒါတွေကို မြန်မာသံရုံးက ထိုင်းလိုပြန်ပြီး ထောက်ခံပေးရမှာ ဖြစ်တယ်။ သံရုံးကမလုပ်ပေးရင် ထိုင်း-မြန်မာ နယ်စပ်ကော်မတီကို ထိုင်းရှေ့နေ ကောင်စီက တောင်းခံပေးပါမယ်။ အထောက်အထားတွေပြည့်စုံရင် သေကျေမှုအတွက် အစိုးရက ဘတ် ၂ဝဝဝဝဝ ပေးဆပ်မှာဖြစ်ပြီး ဒဏ်ရာရသူဆေးဖိုးဝါးခအတွက် ဘတ်ငွေ ၁၅ဝဝဝ ကနေ ၂ဝဝဝဝဝ အထိ ပေးချေပါတယ်။ အချိန်ကြာလာရင် ခက်ခဲမှုတချို့ ပေါ်လာတတ်တာမို့ နစ်နာသူတွေဟာ ခုလောလောဆယ် ထိုင်းရှေ့နေများကောင်စီကို လှမ်းပြီးဆက်သွယ်တိုင်ကြားဖို့ အရေးကြီးတယ်။” နစ်နာကြေးအတွက် ဆိုင်ရာကို တိုင်ကြားလိုသူများဟာ သူရဲ့ ဖုန်းနံပါတ် ဝ၈၁၁၇၁၈၂၂၈ ကို ဆက်သွယ်ကြရမှာ ဖြစ်ပါတယ်။ အမှုတွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီဟာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာ၂ဝဝ၈ ခုနှစ်က မြန်မာ ၅၄ ယောက်သေဆုံးခဲ့တဲ့အမှုနဲ့ ၂ဝဝ၃ ခုနှစ်က အင်ဒိုနီးရှားဘက်ကို မျောပါရင်း အစာငတ်ပျက်ပြီး သေဆုံးခဲ့တဲ့ မြန်မာတံငါလုပ်သား ၃၉ ဦးအမှုတွေမှာ နစ်နာကြေးတွေရအောင် အခမဲ့ ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up