Live
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေးအဆို ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု
ကျော်ဇေယျာဝင်း
·
June 15, 2015
ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် တင်သွင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေးအဆိုကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဆန္ဒမဲလက်မှတ်အသုံးပြုပြီး လျှို့ဝှက်မဲပေးတဲ့နည်းလမ်းနဲ့ ဆန္ဒမဲခံယူရာ ထောက်ခံမဲများတဲ့အတွက် အတည်ပြုလိုက်တာပါ။ အဲ့ဒီလျှို့ဝှက်စွာ မဲခွဲဆုံးဖြတ်ရာမှာ မဲပေးတဲ့ကိုယ်စားလှယ် ၁၁၄ ဦး ရှိပြီး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ထောက်ခံမဲ (၁၀၀)၊ ကန့်ကွက်မဲ (၁၀) ပယ်မဲ (၄) မဲရှိရာ ထောက်ခံမဲများတဲ့အတွက် အတည်ပြုလိုက်တာပါ။ ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေးအဆိုကို ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးရာ ထောက်ခံဆွေးနွေးသူ ၆ ဦး ကန့်ကွက်သူ ၁ ဦး ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သြဂုတ်လ ၂၂ ရက်နေ့ ကပြုလုပ်တဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဝမပုံမှန်အစည်းအဝေးကို ပေးပို့တဲ့ ရန်ကုန် မြို့တော်သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်နဲ့ ပတ်သက်တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တာပါ။ အဆိုပါစီမံကိန်းကို စက်တင်ဘာ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီး တိုင်းလွှတ်တော်ကို စက်တင်ဘာ ၂၂ ရက်နေ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့တော်ဖွံ့ဖြိုးရေးစီမံကိန်း Conceptual Plan ကို ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ) အကူအညီနဲ့ ရေးဆွဲနေချိန်မှာ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက ရန်ကုန်မြို့အနောက်ဘက်က ဧက ၃ သောင်းပေါ်မှာ မြို့သစ်ဆောက်ဖို့ ကမ်းလှမ်းခဲ့တာဟာ နိုင်ငံတော်ဘဏ္ဍာငွေကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုဆိုတဲ့ မူဝါဒနဲ့ ကိုက်တာကြောင့် လက်ခံခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က စက်တင်ဘာလ ၂၂ ရက်နေ့က ပြောဆိုခဲ့ဖူးပါတယ်။ အဲ့ဒီစီမံကိန်းကို ၃ နှစ်အတွင်း ၇၀ ရာခိုင်နှုန်းပြီးအောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ကျပ်ငွေ ဘီလီယံ ၇ ထောင်ကျော်နဲ့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အဲဒီ လျာထားမြေနေရာတွေဟာ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ တွံ့တေးမြို့နယ် များတွင် တည်ရှိပြီး ခန့်မှန်းဧရိယာ ဧက ၃ သောင်း ကျယ်ဝန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ မျိုးဇော်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024