A d v e r t i s e m e n t With Us

အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင်တဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
လွန်ခဲ့တဲ့ ၂ နှစ်က အယ်ဂျီးရီးယားနိုင်ငံမှာ သဘာဝဓာတ်ငွေ့စက်ရုံ တိုက်ခိုက်မှုကို အမိန့်ပေးခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွခေါင်းဆောင်တဦးဟာ လစ်ဗျားနိုင်ငံထဲ အမေရိကန်ရဲ့ လေကြောင်းပစ်ခတ်မှုတခုမှာ သေဆုံးသွားတယ်လို့ လစ်ဗျားအာဏာပိုင်တွေက ဇွန် ၁၄ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်းက အဂ်ျဒါဘိုင်ရာ (Ajdabiya) မြို့မှာ စစ်သွေးကြွခေါင်းဆောင် မွတ်တာ ဘယ်လ်မွတ်တာ (Mokhtar Belmokhtar) နဲ့အတူ နောက်လိုက် တိုက်ခိုက်ရေးသမားတွေလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို လေကြောင်းက ပစ်ခတ်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပေမယ့် သူသေဆုံးခဲ့ခြင်း ရှိ၊ မရှိကိုတော့ အတည်ပြုဆဲပဲလို့ ပြောဆိုပါတယ်။ သူဟာ အယ်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားသူဖြစ်ပြီး အရင် အာဖရိကမြောက်ပိုင်း အယ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အယ်ကိုင်ဒါကနေ ခွဲထွက်ခဲ့ကာ ကိုယ်ပိုင်အကြမ်းဖက်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူ ၈၀၀ ကျော် ပြန်ပေးဆွဲခံရပြီး အယောက် ၄၀ ကျော် သတ်ဖြတ်ခံရတဲ့ အင်း အမန်းနက် (In Amenas) ဓာတ်ငွေ့စက်ရုံကို တိုက်ခိုက်မှုမှာ အနောက်နိုင်ငံ အကျိုးစီးပွားတွေကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်ခံရတာပါ။ အဲဒီတုန်းက အသတ်ခံရသူ အယောက် ၄၀ မှာ နိုင်ငံခြားသားက အများစု ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရှင်ကဒါဖီ ဖြုတ်ချခံရအပြီး အစ္စလာမ္မစ်သူပုန်တွေ ညွန့်ပေါင်းဖွဲ့ထားတဲ့ ထရီပိုလီအစိုးရနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တူဘရွဒ် (Tobruk) မြို့ အစိုးရဆိုပြီး အစိုးရ ၂ ရပ်က စင်ပြိုင်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရား လစ်ဟာမှုကို အခွင့်ကောင်းယူပြီး အိုင်အက်စ်သစ္စာခံ၊ အစ္စလာမ္မစ် စစ်သွေးကြွတွေကလည်း လစ်ဗျားနိုင်ငံတွင်း သြဇာထူထောင်ဖို့ ကြိုးစားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up