မြန်မာကို အနိုင်ရရန် မလွယ်ကူဟု ထိုင်းနည်းပြပြော

ထိုင်းနည်းပြ ချုက်ထ၀ီ ပရွမ်ရွတ် (ဓာတ်ပုံ - ဆီးဂိမ်း)
392
စင်ကာပူနိုင်ငံမှာ ဇွန် ၁၅ ရက်နေ့ည ယှဉ်ပြိုင်မယ့် ဆီးဂိမ်းဘောလုံး ဗိုလ်လုပွဲမှာ ထိုင်းအသင်းအနေနဲ့ မြန်မာကို အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ထိုင်းနည်းပြ ချုက်ထ၀ီ ပရွမ်ရွတ်က စင်ကာပူ အမျိုးသားအားကစားကွင်းမှာ ပြုလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းအသင်းဟာ အာဆီယံ ဆူဇူကီးဖလားမှာ အနိုင်ရခဲ့တဲ့ ကစားသမား ၈ ယောက်ကို ပွဲထုတ်လာပေမယ့်လည်း ပြိုင်ဘက် မြန်မာအသင်းက ပွဲကို မွှေနှောက်ပြီး ရလဒ် ပြောင်းသွားမှာကို ထိုင်းနည်းပြ ချုက်ထ၀ီက စိုးရိမ်နေတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးထားပါတယ်။
“မြန်မာအသင်းကို အံ့သြမိပါတယ်။ သူတို့ဖိုင်နယ်အဆင့် တက်လာတာကို သူတို့တောင် မယုံနိုင်ဘူးလို့ ထင်မိတယ်။” လို့ ၁၉၉၇ ခုနှစ်နဲ့ ၁၉၉၉ ပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့တဲ့ ထိုင်းလက်ရွေးစင်ဟောင်း အသက် ၄၀ အရွယ် နည်းပြ ချုက်ထ၀ီက ပြောပါတယ်။
“ကျနော်တို့ ပြီးခဲ့တဲ့လ ခြေစမ်းပွဲတုန်းက အနိုင်ကစားခဲ့တယ်။ ဒါပေမယ့် အခု သူတို့ကို အနိုင်ရဖို့ မလွယ်လောက်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အရင်တလကထက် အများကြီး ပိုပြီး တိုးတက်လာတဲ့ အသင်းပါ။”
ဒီညကစားမယ့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ရလဒ်ဟာ လွန်ခဲ့တဲ့တလ ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ခြေစမ်းပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ၄-၁ နဲ့ နိုင်ခဲ့တဲ့ရလဒ်နဲ့ ကွာခြားသွားနိုင်တယ်လို့လည်း ထိုင်းနည်းပြက ပြောပါတယ်။
မြန်မာအသင်းကို လျှင်မြန်ကျစ်လစ်တဲ့ အသင်းကောင်းတသင်းအဖြစ် မြန်မာနည်းပြ ဦးကြည်လွင်က ပုံသွင်းပေးထားတယ်လို့လည်း ဆိုပါတယ်။
မြန်မာကစားသမားတွေ ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက နောက်ဆုံး လေ့ကျင့်မှု လုပ်နေချိန်မှာတော့ ထိုင်းနည်းပြ ချုက်ထ၀ီက သူ့ကစားသမားတွေကို ပွဲချိန်မှာ သွက်သွက်လက်လက် ကစားနိုင်အောင် ပြင်ဆင်တဲ့အနေနဲ့ အနားပေး အားမွေးခိုင်းထားပါတယ်။
ဒီကနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲဟာ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံအသင်းတွေအတွက် နောက်ဆုံးအဆင့် ဗိုလ်လုပွဲ ၅ ကြိမ်မြောက်တွေ့ဆုံမယ့်ပွဲ ဖြစ်ပါတယ်။
မြန်မာအသင်းနည်းပြချုပ် ဦးကြည်လွင်ကတော့ နောက်ဆုံးဗိုလ်လုပွဲမှာ သူ့အသင်း အတွက် ယုံကြည်မှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဆီမီးဖိုင်နယ်ပွဲကို ကြည့်ခဲ့ပါတယ်။ သူတို့ဟာ အသင်းကောင်းတသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဒီပွဲအတွက် အချိန်အများကြီးယူ ပြင်ဆင်ခဲ့တယ်။ ကျနော်တို့ နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဗိုလ်လုပွဲက အချိန်ပိုထိ ကစားရလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်တို့ မိနစ် ၉၀ အတွင်းမှာပဲ အနိုင်ရမှာပါ” လို့ ဦးကြည်လွင်က ပြောပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက်စာမျက်နှာမှာတော့ မြန်မာနည်းပြ ဦးကြည်လွင်က “ကစားသမားဘ၀က ၁၉၉၃ ဆီးဂိမ်းစ် ဗိုလ်လုပွဲမှာ ထိုင်းကို အရေးနိမ့်ခဲ့တယ်။ အခု နည်းပြဘ၀မှာ ထိုင်းကို ပြန်ကလဲ့စားချေမယ်။ မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှာပါ။” လို့ ပြောပါတယ်။
မြန်မာယူ ၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းကတော့ မြန်မာအသင်းကို အန္တရာယ် ပေးနိုင်တဲ့သူ ထိုင်းအသင်းမှာ တယောက်မှ မပါတဲ့အကြောင်းနဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းကလို ဂိုးသွင်းပြီး အားလုံးကို အံ့အားသင့်သွားအောင် နောက်တကြိမ် ထပ်လုပ်ပြနိုင်မယ်၊ အားလုံးကို ထပ်ပြီးပျော်အောင် လုပ်ပေးဦးမယ်လို့ ပြောသွားပါတယ်။
မြန်မာဘောလုံးအသင်းဟာ ၁၉၇၃ ခုနှစ်ကတည်းက ဆီးဂိမ်းရွှေတံဆိပ်ဆု နောက်ဆုံးရပြီး ရွှေတံဆိပ်နဲ့ ဝေးနေတာ နှစ်ပေါင်း ၄၂ နှစ်ကြာခဲ့ပါပြီ။