A d v e r t i s e m e n t With Us

တရုတ် တည်ဆောက်မည့် တူးမြောင်းသစ်စီမံကိန်း နီကာရာဂွာပြည်သူများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံက အကုန်အကျခံ တည်ဆောက်မယ့် နီကာရာဂွာနိုင်ငံကိုဖြတ်ပြီး ပနားမားတူးမြောင်းနဲ့အပြိုင် တူးမြောင်းသစ်ကြီး စီမံကိန်းကို ဒေသခံ နီကာရာဂွာပြည်သူတွေက ဇွန် ၁၃ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ပစိဖိတ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးမယ့် ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး တရုတ်နိုင်ငံက အနှစ် ၅၀ လုပ်ကိုင်ခွင့်စာချုပ်နဲ့ သဘောတူထားတာပါ။ ဒီတူးမြောင်းကြီးဟာ ပနားမားတူးမြောင်းထက် ပိုရှည်ပြီး ပိုလည်းကျယ်၊ ပိုလည်းနက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတူးမြောင်းကြီးဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမယ်၊ ဒေသခံပြည်သူတွေ အိုးအိမ်ပြောင်းရွှေ့ရပြီး သူတို့ရဲ့လူမှုဘ၀တွေ ပျက်စီးမယ်လို့ ဆန့်ကျင်ကန့်ကွက်သူတွေက ဆိုပါတယ်။ နီဂါရာဂွာနိုင်ငံဟာ အလယ်အမေရိကမှာ အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး ဒီတူးမြောင်းစီမံကိန်းကြောင့် ပြည်သူတွေရဲ့ဘ၀ တိုးတက်မယ်လို့ သမ္မတ ဒန်နီရယ် အော်တေဂါ (Daniel Ortega) နဲ့ အစိုးရက အခိုင်အမာ ပြောဆိုနေတာပါ။ စီမံကိန်းမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် ၂ ခု အပါအ၀င် ရထားလမ်း၊ ရေနံပိုက်လိုင်းတလိုင်း၊ လေဆိပ်တွေလည်း ပါဝင်မှာပါ။ ဆန္ဒပြသူအများစုဟာ လယ်သမားတွေဖြစ်ပြီး သမ္မတဟာ တိုင်းပြည်ကို တရုတ်တွေဆီ လက်ညှိုးထိုး ရောင်းစားသူဆိုပြီး ပြစ်တင်ရှုတ်ချကြပါတယ်။ အရှည်မိုင် ၁၇၃ မိုင်ရှိတဲ့ ဒီတူးမြောင်းဆောက်လုပ်ရေးကို ဆယ်စုနှစ်နဲ့ချီ ဆွေးနွေးညှိနှိုင်းလာခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆောက်လုပ်ရေးစီမံကိန်း စတင်ပါတယ်။ ၅ နှစ်အတွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး နိုင်ငံရဲ့ဂျီဒီပီ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ အစိုးရက ပြောဆိုနေပေမယ့် ဒေသခံပြည်သူတွေကတော့ မယုံကြည်ကြပါဘူး။

A d v e r t i s e m e n t With Us

More News
Up