Home
ဆောင်းပါး
ပိုမိုပြင်းထန်လာတဲ့ အိန္ဒိယနယ်စပ် ခွဲထွက်ရေး လှုပ်ရှားမှုများ (ဆောင်းပါး)
DVB
·
June 15, 2015
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီလောက်က အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ် မဏိပူရ ချန်ဒယ်လ်ခရိုင်ထဲမှာ လူမျိုးစု လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့တခုက အိန္ဒိယစစ်တပ်ရဲ့ ယာဉ်တန်းတခုကို ဗုံးပစ်လောင်ချာတွေနဲ့ လက်လုပ် ဖောက်ခွဲမိုင်းတွေ သုံးပြီး ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ တယ်လို့ ပြည်နယ်အစိုးရ အရာရှိတွေက ဆိုပါတယ်။ လုံခြုံရေး လေ့လာသုံးသပ်သူတွေကတော့ ဒါဟာ ဇွန်လ ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အမျိုးသမီးတယောက်ကို စစ်တပ်က သတ်ဖြတ်ပစ်ခဲ့တဲ့ ကိစ္စ အတွက် လူမျိုးစုလက်နက်ကိုင်တွေက လက်စားချေတာ ဖြစ်နိုင်တယ်လို့ သံသယရှိနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံနဲ့ နီးတဲ့ ပြည်နယ်မြို့တော် အင်ဖားကို တက်လာတဲ့ စစ်တပ်ယာဉ်တန်းတခုကို ဒီလိုပဲ လူမျိုးစု လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့လို့ အိန္ဒိယစစ်တပ်က စစ်သား ၁၁ ယောက် သေဆုံးခဲ့ရပါသေးတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဒေသတွင်းမှာ အသေအများဆုံး တိုက်ခိုက်မှုတခု ဖြစ်ခဲ့ပါတယ်။ ခု ဇွန်လ ၄ ရက်နေ့ ခြုံခိုတိုက်ခိုက်မှုကတော့ ပိုပြီးပြင်းထန်တဲ့ ထိုးနှက်တိုက်ခိုက်မှုတခုလို့ ဆိုရပါမယ်။ တကယ်တော့ မဏိပူရဒေသဟာ လူဦးရေ ၂.၅ သန်းရှိပြီး နှစ်ပေါင်းများစွာ လူမျိုးစု လက်နက်ကိုင်အုပ်စု အတော်များများက ပုန်ကန်ထကြွ လှုပ်ရှားနေတဲ့ဒေသပါ။ ဒါပေမယ့် ခု ဇွန် ၄ ရက် တိုက်ခိုက်မှုကိုတော့ ဘယ်လက်နက်ကိုင်အုပ်စုကမှ သူတို့လက်ချက်ပါလို့ မပြောခဲ့သေးတဲ့ အတွက် လောလောဆယ် အခြေအနေမှာတော့ ဘယ်လူမျိုးစုလက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နယူးဒေလီမြို့တော်က စစ်တပ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တယောက်ကတော့ “ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာက အသေးစိတ် သတင်းအချက်အလက်တွေ ထပ်ပြီး ရောက်လာနေတုန်းပါပဲ။” လို့ ပြောခဲ့ပါတယ်။ ဧပြီလထဲမှာတုန်းကလည်း အော်တိုမက်တစ်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေက အိမ်နီးချင်း နာဂလန်းပြည်နယ်ထဲမှာ အိန္ဒိယ အရန်တပ်ဖွဲ့က စစ်သားတွေကို တင်ဆောင်လာတဲ့ လော်ရီကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၈ ဦး  သေဆုံးခဲ့ရပါသေးတယ်။ မဏိပူရက အဓိက လက်နက်ကိုင်အုပ်စုတွေက တခြား အရှေ့မြောက်ပိုင်းပြည်နယ်တွေက လက်နက်ကိုင်အုပ်စုတွေနဲ့ မတူဘဲ အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ မပါဝင်ပါဘူး။ သူတို့တွေက အိန္ဒိယအစိုးရကို ဒေသက ကြွယ်ဝလှတဲ့ သဘာဝရင်းမြစ်တွေကို ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျှူရှုပြီး လက်ဝါးကြီးအုပ် ချယ်လှယ်အသုံးပြုနေတယ်လို့ စွပ်စွဲနေကြပါတယ်။ အိန္ဒိယနိုင်ငံအဖို့ကတော့ သတင်းဖော်ပြချက်တွေမှာ အတွေ့ရများတဲ့ ကက်ရှ်မီးယားဒေသ ပဋိပက္ခတခုတည်းသာ မဟုတ်ပါဘူး။ အလှမ်းဝေးတဲ့ အရှေ့မြောက်ပြည်နယ်လေးဖြစ်တဲ့ တောင်တန်းနဲ့ တောင်ကုန်းတွေ အလယ်က မဏိပူရဟာလည်း နိစ္စဓူဝ ပဋိပက္ခတွေ၊ ပြဿနာတွေနဲ့ ဆူပွက်နေတဲ့ ဒေသတခု ဖြစ်နေခဲ့တာ ကြာပါပြီ။ မဏိပူရဟာ အိန္ဒိယနိုင်ငံရဲ့ ၇ ခုမြောက် ညီအစ်မပြည်နယ် ဖြစ်လာခဲ့တဲ့ အချိန်ကတည်းက ကာလရှည်ကြာ တိုင်းရင်းသား လူမျိုးစုဆိုင်ရာ ယဉ်ကျေးမှုအရ၊ အချုပ်အချာ ပိုင်ဆိုင်မှုတွေအရ ပဋိပက္ခတွေ ဖြစ်ပေါ်နေခဲ့လို့ ပျက်စီးနေတဲ့ ဒေသတခု ဖြစ်နေခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒီဒေသမှာ အနည်းဆုံး လှုပ်ရှားနေတဲ့ လက်နက်ကိုင်နဲ့ လက်နက်မကိုင်တဲ့ အဖွဲ့ပေါင်း ၃၄ ဖွဲ့ဟာ မြန်မာနိုင်ငံရဲ့အရှေ့မြောက်နယ်စပ်ဒေသ တလျှောက် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။ ဒီမငြိမ်မသက်ဖြစ်မှုတွေကို ငြိမ်သက်သွားရအောင် အိန္ဒိယအစိုးရက ၁၉၅၈ ခုနှစ်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့များ အထူးလုပ်ကိုင်ဆောင်ရွက်ခွင့်အာဏာ (အေအက်ဖ်အက်စ်ပီအေ) ကို အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ ပြဋ္ဌာန်း သုံးစွဲလာခဲ့ပါတယ်။ ပြဋ္ဌာန်းအက်ဥပဒေအရ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေမှာ တချက်လွှတ် ပစ်သတ်ခွင့် ရနေပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အုပ်စုတွေက ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ထောင်နဲ့ချီတဲ့ တရားဥပဒေမဲ့ သတ်ဖြတ်သုတ်သင်မှုတွ ရှိနေခဲ့တယ်လို့ အထောက်အထားပြ ပြောဆို တင်ပြခဲ့ကြပါတယ်။ အိန္ဒိယအစိုးရကတော့ သူတို့အစိုးရအနေနဲ့ အပြစ်မရှိ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေကို စာရင်းပြုစုဖို့ အတည်ပြုပေးခဲ့တဲ့ လုပ်ထုံးလုပ်နည်းဟာလည်း မှားယွင်းနေခဲ့ပြီး တရားရုံးချုပ်အနေနဲ့ အဲဒါကို တရားမ၀င် ပျက်ပြယ်သင့်တဲ့အရာလို့ စဉ်းစား ဆုံးဖြတ်သင့်ကြောင်း ငြင်းချက်ထုတ်ပြောဆိုခဲ့ပါတယ်။ ဒါကတော့ အာဏာရအစိုးရတွေက သူတို့ရဲ့ လုပ်ရပ်တွေဟာ မှန်ကန် တရားဥပဒေနဲ့ ညီညွတ်တဲ့အကြောင်း ပေးနေကျ ဆင်ခြေဆင်လက်တွေနဲ့ ကန့်ကွက်ပြောဆိုမှုတွေလို့ နားလည်ထားကြပြီး ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့တဲ့ ပြစ်မှု ကြီးသေးတွေကို ဘယ်တုန်းကမှ ၀န်မခံဘဲ ငြင်းဆိုပယ်ချ တိမ်းရှောင်ခဲ့တဲ့၊ တိမ်းရှောင်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်ပြီး အမှတ်ရကြဦမှာပါ။ ကြောင်းကျိုးယုတ္တိမဲ့ ဘူးခံမှု သက်သက်တွေပဲဆိုတာ စဉ်းစား တွေးတောတတ်တဲ့ ပြည်သူတိုင်း သိကြပြီး ဖြစ်ပါလိမ့်မယ်။ ခုတော့ အိန္ဒိယစစ်တပ်တွေက မြန်မာနိုင်ငံဘက်ကို ဖြတ်ဝင်လာပြီး လက်နက်ကိုင် သူပုန်တွေရဲ့ အခြေစိုက်စခန်းတွေဆီကို ရဟတ်ယာဉ်တွေနဲ့ လေထီးစစ်သည်တွေ သုံးပြီး စီနင်းချေမှုန်း တိုက်ခိုက်လိုက်ပါပြီ။ မဏိပူရပြည်နယ်အတွင်း အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့တဲ့ လက်နက်ကိုင်သူပုန်တွေရဲ့ လုပ်ရပ်ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိ အရာရှိတွေက ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုမှာ သူပုန်ဘက်က ၃၀ ကနေ ၅၀ ယောက်အထိ သေဆုံးခဲ့တယ်လို့ အိန္ဒိယ စစ်ဘက်အရာရှိတွေက ပြောခဲ့ပေမယ့် မြန်မာနာဂခေါင်းဆောင် အက်စ်အက်စ် ခါ့ပ်ပလန် ဦးဆောင်တဲ့ သူပုန်အုပ်စုကတော့ အိန္ဒိယအစိုးရရဲ့ ပြောဆိုချက်တွေဟာ ချဲ့ကား ပြောဆိုတာသာ ဖြစ်ပြီး သူတို့ဘက်က သေဆုံးမှု အနည်းအကျင်းသာ ရှိခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယ လက်ထောက် ပြန်ကြားရေးဝန်ကြီး ဆင်းရတ်ဟိုးကတော့ တီဗီအစီအစဉ်မှာ မြန်မာနိုင်ငံ အခြေစိုက် ခွဲထွက်ရေးသူပုန်တွေကို အပူတပြင်း ရှာဖွေ တိုက်ခိုက်မှုကို အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ကိုယ်တိုင်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ “ယီမင်နဲ့ အီရတ်လိုပါပဲ။ အိန္ဒိယနိုင်ငံကို တိုက်ခိုက်လာတာတွေကို လက်မခံနိုင်ပါဘူး။ ဒါဟာ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့် ပေးထားတဲ့ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ကျနော်တို့ရဲ့ သတင်းစကား ဖြစ်ပါတယ်။” လို့ ရတ်ဟိုးက ပြောဆိုခဲ့ပါတယ်။ မဏိပူရမှာ အိန္ဒိယ စစ်သား အယောက် ၂၀ လောက် အသတ်ခံခဲ့ရတာဟာ ဆယ်စုနှစ် ၂ ခု အတွင်း အကြီးမားဆုံးအမှုတခု ဖြစ်ခဲ့တာပါ။ အိန္ဒိယစစ်တပ်ရဲ့စစ်ဆင်ရေးညွှန်ကြားမှုရုံးက ဗိုလ်မှူးချုပ် ရန်ဘီယာ ဆင်းကလည်း “ဒီ ထိုးဖောက် စစ်ဆင်ရေးတွေဟာ လက်နက်ကိုင်သူပုန်တွေဘက်က နောက်ထပ် ထိုးနှက် တိုက်ခိုက်လာဖို့ ကြံစည်နေတယ်လို့ တိကျတဲ့ ထောက်လှမ်းရေးသတင်းတွေ ရရှိခဲ့တဲ့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရတာဖြစ်တယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ထောက်လှမ်းရေးအရာရှိတွေက မြန်မာနိုင်ငံထဲက အွန်ဇီယာမှာ ရှိတဲ့ နာဂနဲ့ မဏိပူရသူပုန်တို့ ပူးတွဲ တည်ထောင်ထားတဲ့ တတိယ အခြေစိုက် စခန်းတခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ မြန်မာတာဝန်ရှိပုဂ္ဂိုလ်တွေကတော့ အိန္ဒိယသံအမတ်ကြီး ဂေါ့တမ် မူခိုပါဒရေး က မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနကို သူပုန်စခန်းတွေကို ၀င်ရောက် တိုက်ခိုက်မှု ရှိခဲ့တယ်လို့ အကြောင်း ကြား အသိပေးခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက စစ်ကိုင်းတိုင်းဒေသအတွင်း တောတွေ ထဲမှာ အခြေစိုက်စခန်းတွေ ထားရှိခဲ့ကြတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း သူပုန်တွေကို ရှင်းလင်း ဖယ်ရှားပေးဖို့ ကာလ ရှည်ကြာ စည်းရုံး သိမ်းသွင်းခဲ့ပေမယ့် ခုထိတော့ အောင်မြင်မှု သိပ်မရှိ လှသေးပါဘူး။ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြားမှာ နှစ်ဘက်နိုင်ငံ စစ်တပ်တွေအနေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နှိမ်နင်းရေး ဆောင်ရွက်မှုတွေမှာ နယ်နမိတ်ဖြတ်ကျော် ဆောင်ရွက်ခွင့် သဘောတူညီမှု ရှိထားခဲ့ပါတယ်။ ဘူတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက သူတို့ရဲ့ သူပုန်အတော်များများကို သတ်ဖြတ် ဖမ်းဆီး ပစ်ခဲ့တဲ့ အချိန်မှာ မြန်မာနိုင်ငံကလည်း သူ့ရဲ့စစ်တပ်က  မြန်မာဆန့်ကျင်ရေး ကချင်၊ ကိုးကန့်နဲ့ ကရင်သူပုန်တွေကို တိုက်ခိုက်ရေး တိုးချဲ့ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာတပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် ချင်းနဲ့ ရခိုင်သူပုန်တွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရပြည်နယ်ထဲထိ ဖြတ်ကျော်နှိမ်နင်း တိုက်ခိုက်တာတွေ မကြာခဏ ရှိခဲ့ပါတယ်။ အိန္ဒိယ အရှေ့မြောက်ဒေသမှာ တိုင်းရင်းသားရေးရာ မငြိမ်မသက်မှုတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ကာလ အတောအတွင်း အိန္ဒိယတပ်မတခုကို ဦးစီးခဲ့တဲ့ အငြိမ်းစားအရာရှိ ဂါဂန်ဂျစ်ဆင်းကတော့ “ခုတော့ မြန်မာတွေလည်း အဲဒီလိုပဲ လုပ်နေပြီလို့ထင်ရတာပဲ။” လို့ ပြောဆိုခဲ့ပါတယ်။ သူက “ကျနော်တို့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်း ရှိခဲ့ပါတယ်။ နှစ်ဘက်စလုံး မဖြစ်မနေ လုပ်ရတဲ့ကိစ္စတွေကိုလည်း နားလည်မှုထားခဲ့ကြပါတယ်။ သူတို့က ကျနော်တို့ထက် ကြီးမားတဲ့သူပုန်တွေကို တိုက်ခိုက်နေရတာလေ။ ကျနော်တို့ ကိုင်တွယ်ဆောင်ရွက်ရတာက ကျနော်တို့ရဲ့ အရှေ့မြောက်ပိုင်း သူပုန်အရေးလောက်ပါပဲ” လို့ ပြောခဲ့ပါသေးတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယအစိုးရရဲ့ အာဏာပိုင်တယောက်ကတော့ ရခိုင်ကမ်းရိုးတန်းကနေ လက်နက်တွေ ရယူနေတဲ့ အရှေ့မြောက်ပိုင်း ခွဲထွက်ရေးသမားတွေကို တိုက်ခိုက်ဖို့ ၁၉၉၅ ခုနှစ်က လုပ်ခဲ့တဲ့ ‘ရွှေငှက်စစ်ဆင်ရေး’ မှာလည်း မြန်မာနိုင်ငံက ပူးပေါင်းဆောာင်ရွက်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ ထိပ်တန်းအိန္ဒိယလုံခြုံရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ အာဂျေးဆာနီက အယ်လ်ဂျာဇီးယား သတင်းဌာနကို အင်္ဂါနေ့က ပြောကြားရာမှာ အိန္ဒိယအနေနဲ့ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်ခဲ့တဲ့ ကိစ္စအပေါ် ဂုဏ်ယူဝင့်ကြွားမယ်ဆိုရင်တော့ မိုက်မဲရာကျလိမ့်မယ်၊ အဲဒါတွေကို လျှို့ဝှက်ထားတဲ့ အချိန်မှာ တိတ်တိတ်ပုန်း စစ်ဆင်ရေးတွေဟာ အကောင်းဆုံးပါပဲလို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ခွဲထွက်ရေးအုပ်စုတွေရဲ့အန္တရာယ်ကို ရင်ဆိုင် နှိမ်နင်းနေရတာ ကာလရှည် ကြာနေပြီ ဖြစ်ပေမယ့် ခုထိ မပြေလည်နိုင်သေးသလို မြန်မာနိုင်ငံဟာလည်း လူမျိုးငယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမား ရပိုင်ခွင့်၊ လယ်သမား ရပိုင်ခွင့်တွေကို တောင်းဆိုနေကြတဲ့သူတွေ အရေးကို ကိုင်တွယ် ဖြေရှင်းနေတာဟာလည်း ကာလရှည်ကြာ မပြီးနိုင်မစီးနိုင် ဖြစ်နေပါသေးတယ်။ စစ်အရေခွံလဲ အစိုးရအနေနဲ့ကတော့ အိန္ဒိယစစ်တပ်နဲ့ အဆင်ပြေအောင် ပူးပေါင်း ဆောင်ရွက်နေတာဟာ သူတို့ အာဏာသက်ရှည်ကြာရေး ကြိုးပမ်းအားထုတ်မှုတွေမှာ အိန္ဒိယ နိုင်ငံဆီက တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ပဲဖြစ်ဖြစ် ရနိုင်သမျှ ရယူဖို့သာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ ပစ်ဖဲ၊ ၀ှက်ဖဲတွေ ရှိနေတာကို တွေ့မြင်နေရတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024