A d v e r t i s e m e n t With Us

အမေရိကန် ဒဲလက်စ်ရဲဌာနချုပ် ဗုံးခွဲရန်ကြိုးစားသူကို အသေပစ်ခတ်ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲက ဒဲလက်စ်မြို့ ရဲဌာနချုပ်ကို ဗုံးခွဲဖို့ ကြိုးစားတဲ့ လူတယောက်ကို အသေဖမ်းဆီးနိုင်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ သေနတ်သမားဟာ ရဲတွေကို အော်တိုမက်တစ် စက်သေနတ်နဲ့ပစ်ခတ်တဲ့အချိန်မှာ ရဲ လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒဲလက်စ်မြို့ ရဲမင်းကြီး ဒေးဗစ်ဘရောင်းက “သံသယဖြစ်ဖွယ် ကားတစင်း ရဲဌာနချုပ်ရှေ့မှာ ရပ်ထားတာကို  ရဲကားက  မသင်္ကာလို့ သွားစစ်ဖို့ အသွားမှာ ကားထဲက လူက စတင် ပစ်ခတ်ခဲ့တာ” လို့ သတင်းထောက်တွေကို ပြောပါတယ်။ ရဲတွေက ပြန်ပစ်တဲ့အချိန်မှာတော့ ကားမောင်း ထွက်ပြေးသွားခဲ့ပြီး ဒဲလက်မြို့ တောင်ပိုင်း ၁၀ မိုင်အကွာက ဟတ်ချင်း ဆိုတဲ့ မြို့ငယ်လေးအရောက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း ရဲအရာရှိတွေ ဒဏ်ရာရတာ မရှိသလို၊ အရပ်သားတွေလည်း ထိခိုက်တာ မရှိပါဘူး။ ရဲဌာနချုပ်အနီးမှာ သေနတ်သမား ပစ်ထားခဲ့တဲ့ အထုပ်လေးထုပ်ထဲက အနည်းဆုံး တထုပ်မှာ  ဖောက်ခွဲရေး ပစ္စည်းတွေ ပါဝင်ပြီး စက်ရုပ်ကို သုံးပြီး ရှင်းလင်းခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ သေဆုံးသွားသူဟာ ဘယ်သူ ဘယ်ဝါဖြစ်သလဲ၊ ဘာကြောင့် ရဲဌာနချုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up