Home
မြန်မာသတင်း
ကိုးကန့်ဒေသတွင် တိုက်ပွဲများရပ်စဲရန် တရုတ်အစိုးရ တိုက်တွန်း
DVB
·
June 13, 2015
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေ ရပ်စဲဖို့ တရုတ်အစိုးရ တိုက်တွန်းထားတယ်။ တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားတဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ အဆုံးသတ်ဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်တာပါ။ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဖက်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း ပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီက “မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ ပဋိပက္ခ ရပ်စဲဖို့ ကြေညာထားတယ်လို့ သိရပါတယ်။ အခုလို တိုးတက်မှုအပေါ် ကြိုဆိုပါတယ်။  ငြိမ်းချမ်းရေးရရှိဖို့ နှစ်ဖက်အဖွဲ့တွေက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြမယ်လို့ မျော်လင့်ပါတယ်။ တရုတ်အစိုးရကတော့ တရုတ်-မြန်မာနယ်စပ်ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ လိုလားပါတယ်။ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နှစ်ဖက်အဖွဲ့အစည်းတွေက မတူညီတဲ့ အတွေးအခေါ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ တရုတ်မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ဖို့ တရုတ်အစိုးရက စိတ်အားထက်သန်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်အစိုးရက ကိုးကန်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကိုဆက်သွယ်ပြီး တိုက်ပွဲရပ်ဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ပြန်တော့မယ့် တရုတ်သံအမတ် မစ္စတာ ရန်ဟို့လန်ဟာ ဇွန် ၁၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခိုက် အခုလို ပြောဆိုခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်သံအမတ်က တရုတ်ဟာ ဖုန်ကြားရှင်ကို ဆက်သွယ်ပြီး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကစပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်အနီးတ၀ိုက်မှာ ကိုးကန့်နဲ့အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄ လလောက်အကြာမှာ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024