အလောင်းများ ခိုးယူမှုကိစ္စ ပီရူးအာဏာပိုင်များ စုံစမ်းစစ်ဆေး

ပီရူးအာဏာပိုင်တွေက လမ်ဘာယေကေ ဒေသမြောက်ပိုင်း စန်ဟိုဆေး ဒေ ချီကလာယို သင်္ချိုင်းက အလောင်း ဆယ်လောင်း ခိုးယူမှုကို စုံစမ်း စစ်ဆေးနေပါတယ်။
အလောင်းခိုးမှုတွေက ဒေသတွင်း ပိုတိုးလာနေတာပါ။ ဧပြီလတုန်းကလည်း အလောင်း ၁၅လောင်းကနေ အလောင်း ၂၀ ထိ အခိုးခံခဲ့ရ ပါသေးတယ်။
အဲ့ဒီအရင် သီတင်း တပတ်ကလည်း ကလေးအလောင်းတွေ အများစုဖြစ်တဲ့ အလောင်း ၁၈ လောင်းကို ဒီခရိုင်ထဲက တခြား သင်္ချိုင်းကနေ အခိုးခံခဲ့ရပါသေးတယ်။
မြို့တော်လီမာရဲ့ မြောက်ဘက် ၄၆၆ မိုင်အကွာက သင်္ချိုင်းတွေမှာ လုံခြုံရေး အစောင့်ကင်းမဲ့တာကို သူခိုးတွေက အခွင့်ကောင်း ယူခဲ့ကြတာပါ။
သူခိုးတွေက သင်္ချိုင်းက အပြင်အဆင်တွေနဲ့ ပန်းပင်တွေကိုပါ ယူသွားကြတာကို အုတ်ဂူတွေဆီ လာလည်ကြတဲ့ မိသားစုတွေက တွေ့ခဲ့ကြပါတယ်။
အလောင်းတွေက အဝတ်တွေ မရှိတော့ဘဲ မြေပေါ်မှာ အရိုးတွေသာ ကျန်ခဲ့တာပါ။ ၂၀၁၄ နိုဝင်ဘာမှာ ဒေသခံတွေ အကြောင်းကြားပြီးတည်းက ဒီလိုမျိုး ရာဇဝတ်မှုတွေကို အစီရင်ခံတာ ရှိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ရဲတွေက အလောင်းခိုးမှု ဖြစ်နိုင်ချေ ၂ ခုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။
ပထမအချက်က ဆေးကျောင်းသားတွေက ခွဲစိတ်သင်တန်းအတွက် အသုံးလိုလို့ ဖြစ်နိုင်ပြီး ဒုတိယကတော့ မိရိုးဖလာ ဆေးကုသူတွေက သူတို့ လေ့ကျင့်ချိန်မှာ အလောင်းရဲ့ အစိတ်အပိုင်းတွေကို သုံးဖို့ စိတ်ဝင်စားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
[gallery ids="97436,97437,97438,97439"]