ညီမဖြစ်သူ၏ မြို့စားကတော်အဆောင်အယောင် စပိန်ဘုရင် ရုပ်သိမ်း

စပိန်ဘုရင် စတုတ္ထမြောက် ဖိလစ်ပေဟာ ညီမတော် ခရစ္စတီနာ ဒီဘော်ဘွန်ရဲ့ မြို့စားကတော် အဆင့်အတန်း အဆောင်အယောင်ကို ရုပ်သိမ်းလိုက်တယ်လို့ နန်းတော်က ဇွန် ၁၂ ရက်နေ့က ပြောပါတယ်။ ဘုရင့်နှမတော်ဟာ အခွန်ငွေတွေ လိမ်လည်မှု စွဲချက်တွေနဲ့ တရားရင်ဆိုင်ရတော့မှာကြောင့် သူ့ညီမကို ထီးနန်းဆက်ခံခွင့် စွန့်လွှတ်ပေးဖို့ ဖိအားတွေ ကြုံရတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့တနှစ်က ခမည်းတော် ဟွမ်ကားလို့စ်ဆီကနေ ထီးနန်းဆက်ခံခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဘုရင်ဖိလစ်ပေဟာ ဇွန် ၁၂ ရက်နေ့မှာ တရားဝင် နိုင်ငံတော် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်တာဖြစ်ပြီး နာမည်ဆိုးတွေထွက်နေတဲ့ ဘုရင်စနစ်ရဲ့ပုံရိပ်ကို ပြန်လည်ရှင်သန်စေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဘုရင်ရဲ့ဆောင်ရွက်ချက်ကို မက်ဒရစ်မြို့ခံတွေက ကြိုဆိုကြပါတယ်။ နှမတော် ခရစ္စတီနာဟာ ဒီနှစ်ထဲလောက်မှာပဲ အမှုစစ်ေဆးခံရမှာ ဖြစ်ပြီး တရားစွဲဆိုခံရမယ့် ပထမဆုံး စပိန်ဘုရင်မျိုးနွယ် ဖြစ်ပါတယ်။ စပိန်ဘုရင်ဟောင်း ဟွမ်ကားလို့စ်က ၁၉၉၇ ခုနှစ်မှာ သမီးတော် ခရစ္စတီနာကို ပါလ်မာ ဒီ မာလော်ကာ မြို့စားအဆောင်အယောင် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မင်းသမီး ခရစ္စတီနာရဲ့ကြင်ယာတော် အိုလံပစ် လက်ပစ်ဘော ကစားသမားဟောင်း အင်နာကီ အူဒန်ဂါရင်လည်း သူ့ရဲ့ နူးစ်ဖောင်ဒေးရှင်း ပရဟိတကို ကာလကြာ စုံစမ်းစစ်ဆေးရေး ၀င်လိုက်ပြီးနောက်မှာ လူထုရန်ပုံငွေကို အလွဲသုံးစားမှုနဲ့ ရင်ဆိုင်နေရပါတယ်။ စပိန်နိုင်ငံမှာ အဆင့်မြင့်အလွှာ လူတန်းစားတွေကို သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် စပိန်ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုတွေ ကျဆင်းနေတဲ့အတွက်  အာဏာအလွဲသုံးမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေအပေါ် စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်လာတာပါ။ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းတုန်းက ဘုရင့်နှမတော် စုံတွဲနဲ့အတူ နောက်ထပ် ၁၅ ဦးကို တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အမိန့်ထုတ်ထားတာပါ။ နေ့ရက် အတိအကျ မသတ်မှတ်ရသေးပေမယ့် ဒီနှစ်လယ်နှောင်းပိုင်းမှာ ဒီအမှု တရားရုံးကို ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဘုရင့်နှမတော် စုံတွဲကတော့ ဒီကိစ္စတွေကို ငြင်းဆန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up