A d v e r t i s e m e n t With Us

ဆီးဂိမ်း ယူ ၂၃ ဆီမီး၊ မြန်မာ – ဗီယက်နမ် ပွဲကြို

စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ ၂၃ ဘောလုံးအသင်းဟာ အဖွင့်ပွဲမှာ အင်ဒိုနီးရှားအသင်းကို ဂိုးပြတ်ကစားလိုက်နိုင်ပြီးတဲ့နောက် ပရိသတ် အာရုံစိုက် အားပေးမှုကို ရရှိခဲ့ပြီး အုပ်စုတွင်း ရှုံးပွဲမရှိဘဲ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပထမပွဲမှာ အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ ဒုတိယပွဲမှာ အိမ်ရှင် စင်ကာပူကို ၂-၁ ဂိုးတို့နဲ့ အနိုင်ကစားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ပွဲမှာတော့ အရန်လူ တ၀က်လောက်နဲ့ ကစားပြီး ၃-၃ သရေရလဒ် အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၁၃ စနေနေ့မှာတော့ ဆီမီးဖိုင်နယ်အဖြစ် ဒေသတွင်း ပြိုင်ဘက်ကောင်း အသင်းတသင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအသင်းမှာ နာမည်ကြီးကစားသမားတွေ မပါပေမယ့် ကစားသမားတွေဟာ ကစားချိန်တချိန်လုံး အသင်းလိုက်စုစည်းမှုအားနဲ့ ကြိုးပမ်းအားထုတ် ကစားတတ်ပြီး သူတို့ရဲ့ ကြိုးစားမှုနဲ့ အသင်းလိုက်စုစည်းမှုကိုပဲ ပရိသတ်က အသိအမှတ်ပြု အားပေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့လိုပဲ ကစားတတ်တဲ့၊ ကစားပုံတူတဲ့ ဗီယက်နမ်ဘောလုံးအသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရတော့မှာပါ။ အခု မြန်မာနဲ့ကန်မယ့် ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတို့ အခုပြိုင်ပွဲမစခင် တပတ် ဆယ်ရောက်လောက်အလို ဗီယက်နမ်မှာ ခြေစမ်းပွဲ ကစားခဲ့ဖူးပြီး ၂ ဂိုးစီသရေပွဲ ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်အသင်းဟာ သူ့အုပ်စုတွင်းပွဲတွေမှာ ထိုင်းအသင်းကို ရှုံးခဲ့တာကလွဲပြီး ကျန်ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ် အနိုင်ယူနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ မြန်မာအသင်းကတော့ အုပ်စုတွင်းပြိုင်ပွဲတွေမှာ ရထားတဲ့ ရလဒ်တွေနဲ့ ပရိသတ် အားပေးမှုကြောင့် တသင်းလုံး စိတ်ဓာတ်မြင့်မားနေကြပါတယ်။ ဒီလိုအနေအထားမှာ မြန်မာနဲ့ ဗီယက်နမ်တို့ တွေ့ကြမယ့် ဆီမီးဖိုင်နယ်ပွဲ အခြေအနေက ဘယ်လို ဖြစ်သွားနိုင်ပါမလဲ။ ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ မြန်မာအသင်း နိုင်မယ်လို့ သေချာပေါက် မပြောနိုင်ပေမယ့် နိုင်နိုင်တယ်လို့ ပြောပါတယ်။ “အမှားနည်းတဲ့အသင်း နိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် သေချာပေါက်ကြီး မြန်မာအသင်း နိုင်မယ်လို့တော့ ကျနော် မပြောရဲဘူး။ နိုင်နိုင်တယ်။” အားကစားကလောင်ရှင် ကိုစိုးညီက မြန်နှုန်းမြင့် ကစားပုံတူတဲ့ မြန်မာ-ဗီယက်နမ်ပွဲမှာ မိနစ် ၉၀ အတွင်း သရေကျနိုင်ပြီး သရေမကျရင် မြန်မာကပဲ ဂိုးမပြတ်ဘဲ နိုင်မယ်လို့  ပြောပါတယ်။ “ဒီနှစ်သင်းဆုံတာက ကစားပေါက်တူတဲ့အသင်း ၂ သင်း လာဆုံတယ်လို့ ပြောလို့ရတယ်။ မြန်မာအသင်းကတော့ စိတ်ဓာတ်ပိုင်းမှာ အမြင့်ဆုံးကို ရောက်နေတယ်။ အသင်းနည်းပြ ဦးကြည်လွင်ကလည်း ဗီယက်နမ်ကစားပုံကို သေချာလေ့လာ ပြင်ဆင်ထားမယ်။ မြန်မာနည်းပြဖြစ်လို့ မြန်မာကစားသမားတွေအကြောင်းလည်း ကောင်းကောင်းသိထားတော့ ပွဲချိန်မိနစ် ၉၀ အတွင်းမှာ သရေကျချင်ကျနိုင်တယ်။ သရေမကျရင် မြန်မာအသင်းက ဂိုးမပြတ်ဘဲ နိုင်မယ်။” စနေမွန်းလွဲပိုင်း ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းဟာ အင်ဒိုနီးရှား၊ စင်ကာပူတို့နဲ့ ကစားခဲ့တဲ့ ကစားသမားတွေနဲ့ ပွဲထွက်ဖို့များပြီး အင်ဒို၊ စင်ကာပူနဲ့ ရင်ဆိုင်ကစားတုန်းကလို မပေါ့မလျော့ ကစားနိုင်မှ အောင်ပွဲရမယ်လို့ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က ထုတ်ပြောထားပါတယ်။ မြန်မာဘောလုံးအသင်း ငွေခေတ်ဖြစ်စေခဲ့တဲ့ ဦးကြည်လွင်တို့ ဦးသန်းတိုးအောင်တို့ ကိုင်တွယ်ထိန်းကျောင်းနေတဲ့၊ နာမည်ကြီးတွေမပါတဲ့ လက်ရှိ ယူ ၂၃ အသင်း ဗီယက်နမ်ကို ကျော်ဖြတ်နိုင်မလား ဆိုတာကတော့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြဖို့ပဲ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up