A d v e r t i s e m e n t With Us

ဆိုင်ဘာရာဇ၀တ်အဖွဲ့ဝင်ဟု သံသယရှိသူများကို ယူရိုပို ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
စပိန်၊ ပိုလန်နဲ့ အီတလီနိုင်ငံတွေက ဆိုင်ဘာ ရာဇဝတ်အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၄၉ ယောက်ကို ဖမ်းလိုက်တယ်လို့ ဥရောပရဲတပ်ဖွဲ့ (ယူရိုပို) က ဇွန် ၁၀ ရက်က ပြောပါတယ်။ သူတို့က ဥရောပဘဏ်တွေက ငွေစာရင်းတွေကနေ ယူရိုငွေသန်းချီ ခိုးခဲ့တယ်လို့ သံသယရှိခံရသူတွေ ဖြစ်တဲ့အကြောင်း ယူရိုပိုက ပြောပါတယ်။ ရဲတွေက ဥရောပတလွှား ဘဏ်အကောင့်တွေကနေ ငွေတွေလွှဲယူလေ့ရှိတဲ့၊ အွန်လိုင်းပေါ်က အတွင်းရေး သတင်းအချက်အလက်တွေကို တရားမဝင် ရယူနေတဲ့အုပ်စုကို စုံစမ်းစစ်ဆေးမှုအတွင်း နေရာပေါင်း ၅၈ ခုကို စီးနင်းခဲ့ကြတယ်လို့ သည်ဟိတ်ဂ်မြို့ အခြေစိုက် ယူရိုပိုက ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြိုင်တူစုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်းဖိုး နိုင်ငံတကာ လိမ်လည်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဇွန် ၁၁ ရက်နေ့မှာ ပိုလန်ရဲတပ်ဖွဲ့က ဖြန့်ချိတဲ့ ရုပ်သံထဲမှာတော့ လက်နက်ကိုင် အရာရှိတွေက ကရာကောင်မြို့ထဲက အိမ်တလုံးထဲ ဝင်ရောက်ပြီး လူတယောက်ကို ဖမ်းနေပုံ ပြသထားပါတယ်။ ပိုလန်နိုင်ငံတွင်းက ရာဇဝတ်ကွန်ရက် အဖွဲ့ဝင်တွေဟာ အမေရိကန်ဒေါ်လာ ၂ သန်းလောက်ကို ငွေမည်းကနေ ငွေဖြူဖြစ်အောင် ခဝါချခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ခန့်မှန်းထားကြောင်း ကြေညာချက်က ဆိုပါတယ်။ ဖမ်းမိသူတွေကို လိမ်လည် အတုပြုလုပ်မှု၊ ငွေကြေးခဝါချမှု၊ ရာဇဝတ်အဖွဲ့အစည်းမှာ ပါဝင်မှုတွေနဲ့ တရားစွဲခဲ့ပြီးပြီလို့ ပိုလန်ရဲတပ်ဖွဲ့က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ စစ်ဆင်ရေးကို ဗြိတိန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံက အရာရှိတွေ ကူညီထောက်ပံ့ခဲ့ပါတယ်။ နိုင်ဂျီးရီးယားနဲ့ ကင်မရွန်းနိုင်ငံတို့က အဓိကဖြစ်တဲ့ သံသယရှိသူတွေဟာ ဥရောပသမဂ္ဂ ပြင်ပက တရားမဝင် အမြတ်အစွန်းတွေကို ငွေကြေးခဝါချ ငွေလွှဲမှု ကွန်ရက်တွေကနေ တဆင့် ငွေလွှဲယူခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up