အမေရိကန်နှင့် ဆော်ဒီမှ ထောက်ပံ့သည့် ဒုံးကျည်သစ်များ လက်ဘနွန် စမ်းသပ် (ရုပ်သံ)

844
လက်ဘနွန်စစ်တပ်အတွက် အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတို့က နောက်ဆုံး ထောက်ပံ့လိုက်တဲ့ ဒုံးကျည်သစ်တွေ ပထမဆုံး ပစ်ခတ်စမ်းသပ်မှုကို ဇွန် ၁၀ ရက်နေ့က နိုင်ငံအရှေ့ပိုင်း Baalbek မြို့မှာ လုပ်ခဲ့ပါတယ်။
ဆီးရီးယားနဲ့နယ်စပ်မှာ အစ္စလာမ္မစ် အကြမ်းဖက်တွေနဲ့ တိုက်ခိုက်နေတဲ့ လက်ဘနွန် စစ်တပ်အတွက် ဇွန် ၁ ရက်နေ့က ရောက်လာတဲ့ တင့်ကားပစ်နဲ့ ဘန်ကာဖျက်ဒုံးတွေ ဖြစ်ပါတယ်။
နောက်ဆုံးရောက်ရှိလာတဲ့အသုတ်မှာ ဒုံးကျည် ၂၀၀ ကျော်နဲ့ လောင်ချာ ၁၀ ခုကျော် ပါဝင်ပြီး ဆော်ဒီအာရေးဘီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုး ရှိပါတယ်လို့ စမ်းသပ်ပစ်ခတ်မှုကို လာရောက်ကြည့်ရှုတဲ့ လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အမေရိကန်နိုင်ငံက အမြောက်တွေနဲ့ စစ်သုံးပစ္စည်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်းဖိုး လက်ဘနွန်စစ်တပ်ကို ထောက်ပံ့ခဲ့ပါသေးတယ်။
လက်ဘနွန်နိုင်ငံထဲ အကြမ်းဖက်တွေကို တိုက်ခိုက်နေတဲ့ လက်ဘနွန်စစ်တပ်ကို အမေရိကန်နိုင်ငံက စစ်ရေးအကူအညီ ထောက်ပံ့နေပြီး တဘက် ဆီးရီးယားနိုင်ငံထဲမှာတော့ သမ္မတအာဆက် အစိုးရနဲ့တွဲပြီး အကြမ်းဖက်တွေကို တိုက်နေတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေကို အီရန်နိုင်ငံက စစ်ရေးအကူအညီ ပေးနေတာပါ။
လက်ဘနွန်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီ အထောက်ပံ့တွေ ပဉ္စမမြောက် အများဆုံးရရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်အကြမ်းဖက်တွေဟာ နယ်ကျွံပြီး လက်ဘနွန်နိုင်ငံထဲကိုပါ တိုက်ခိုက်သိမ်းပိုက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ လက်ဘနွန်ထိပ်တန်းအရာရှိတွေက သတိပေးထားပါတယ်။