A d v e r t i s e m e n t With Us

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ရပြီးနောက် စင်ကာပူနည်းပြ နုတ်ထွက်

ဓာတ်ပုံ - Channel News Asia
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု (အေ) နောက်ဆုံးပွဲစဉ်တွေကို ဇွန် ၁၁ ရက်က ယှဉ်ပြိုင်ကစားရာ အိမ်ရှင် စင်ကာပူအသင်းဟာ အင်ဒိုနီးရှားကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပြီး အင်ဒိုနီးရှားအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း ပွဲချိန် ၄၇ မိနစ်မှာ ကွင်းလယ်ကစားသမား အီဗန် ဒီမက်စ်ဒါမိုနိုက ဂိုးဧရိယာအတွင်း  ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အသင်းသားတွေ ဂိုးရဖို့ အရှိန်မြှင့် ကစားခဲ့ကြပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ အိမ်ရှင်အသင်းဘက်က ကစားသမား ဟိုဝေလွန်း ကြမ်းတမ်းစွာ ကစားတဲ့အတွက် ဒုတိယအကြိမ် အ၀ါကတ်ထပ်ထိပြီး နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရလို့ စင်ကာပူအသင်း ၁၀ ယောက်နဲ့ ကစားခဲ့ရပါတယ်။ စင်ကာပူအသင်း နည်းပြချုပ် အီဒီ အစ္စကန်ဒါကတော့ အသင်းရှုံးနိမ့်သွားပြီးနောက်မှာ  တာဝန်က နုတ်ထွက်သွားပြီး သူ့အသင်းက ကစားသမားတွေအတွက် အရမ်းကို ဂုဏ်ယူတဲ့အကြောင်း တယောက်လျော့နေတာတောင် ချေပဂိုးသွင်းနိုင်ဖို့ သူတို့ အကောင်းဆုံး ကစားသွားခဲ့ကြတယ်လို့ ပြောပါတယ်။ ဆီးဂိမ်းဘောလုံးပွဲ အုပ်စုပွဲစဉ်တွေ ပြီးသွားပြီမို့ ဆီမီးဖိုင်နယ်တက် အသင်း ၄ သင်း ပေါ်ထွက်လာရာ အုပ်စု က မှာ မြန်မာက အုပ်စုပထမ၊ အင်ဒိုနီးရှားက အုပ်စု ဒုတိယ၊ အုပ်စု ခ မှာ ထိုင်းက အုပ်စု ပထမ၊ ဗီယက်နမ်က အုပ်စုဒုတိယနဲ့ အသီးသီး တက်ရောက်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အခုအကြိမ်ပြိုင်ပွဲမှာ အုပ်စုတွင်း ၄ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇွန်လ ၁၃ ရက်နေ့မှာ မြန်မာနဲ့ ဗီယက်နမ်အသင်းက  စင်ကာပူစံတော်ချိန် မွန်းလွဲ ၂ နာရီ၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကတော့ ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Channel News Asia

 11393430_10152931313182934_1825302773322090561_o10658726_10152931313132934_4654704577434968422_o

A d v e r t i s e m e n t With Us

More News
Up