အိုင်အက်စ်ကို ၀ိုင်းဝန်းတိုက်ခိုက်ရန် သြစတြေးလျဝန်ကြီးချုပ် တိုက်တွန်း

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ တကမ္ဘာလုံးအတွက် အန္တရာယ်အကြီးဆုံး သေမင်းတမန်အုပ်စု ဖြစ်တဲ့အတွက် ၀ိုင်းဝန်းတွန်းလှန် တိုက်ခိုက်ဖို့ သြစတြေးလျဝန်ကြီးချုပ်က အာရှနဲ့ ပစိဖိတ်နိုင်ငံတွေ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။ ဇွန် ၁၁ ရက်နေ့က မြို့တော် ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ တန်ပြန်အကြမ်းဖက်မှုနဲ့ လုံခြုံရေး ညီလာခံမှာ ၀န်ကြီးချုပ် တိုနီအဘတ်က အခုလို တိုက်တွန်းခဲ့တာပါ။ သြစတြေးလျနိုင်ငံသား အယောက် ၁၀၀ ကျော်ဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ ပူးတွဲတိုက်ခိုက်နေကြတယ်လို့ သြစတြေးလျ အစိုးရက ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့လို့ တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးတွေလည်း လုပ်ခဲ့ရတာပါ။ “ဒီအကြမ်းဖက်တွေရဲ့ အန္တရာယ်ဟာ တကယ်ကို ကြီးလာပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း၊ အစိုးရတိုင်းအတွက် ဖြေစရာတခုပဲ ရှိပါတယ်။ အဲဒီအကြမ်းဖက်အန္တရာယ်ကို ရင်ဆိုင်မလား၊ အသေခံမလား။ သူတို့တွေနဲ့ သွားညှိလို့ မရပါဘူး။ သူတို့နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့တခုပဲ ရှိပါတယ်။” လို့ သြစတြေးလျ ၀န်ကြီးချုပ်က ပြောပါတယ်။ လောလောဆယ် အဓိကလုပ်နေရတဲ့ အလုပ်ကတော့ ကမ္ဘာ့နိုင်ငံတွေက တက်ကြွတဲ့ လူငယ်တွေ ဒီအကြမ်းဖက်အဖွဲ့တွေနဲ့ သွားရောက်မပူးပေါင်းနိုင်ရေး ထိထိရောက်ရောက် တားဆီးဖို့နဲ့ နည်းလမ်းရှာဖို့ဖြစ်ပြီး ဒီညီလာခံက အလေးထား ဆွေးနွေးကြရမှာပါလို့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုပါတယ်။ သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး အစီအမံသစ်တွေ လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်ဒေသတွေကို နိုင်ငံသားတွေ မသွားရောက်နိုင်အောင် ခရီးသွားခွင့် ပိတ်ပင်တာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် လုပ်ခလစာတွေ တိုးမြှင့်ပေးတာတွေ၊ အကြမ်းဖက်တွေကို ထောက်ပံ့သူလို့ သံသယရှိသူတွေကို ၂ နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားတာကနေ ပြန်ရုပ်သိမ်းဖို့တွေ ကြေညာခဲ့ပါတယ်။ ဒီ လုံခြုံရေးညီလာခံကို ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသက နိုင်ငံ ၂၅ နိုင်ငံနဲ့ လူထုကွန်ရက် ၀က်ဆိုက်တွေဖြစ်တဲ့ ဂူးဂယ်လ်၊ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ တခြားလူမှုကွန်ရက်တွေလည်း ညီလာခံကို တက်ရောက်လာကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up