ယူ ၂၀ ကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန် ဒုတိယအဆင့်မှ ထွက်

ဓာတ်ပုံ - ဖီဖာ
ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဇွန် ၁၁ ရက်နေ့က ကျင်းပရာ အိမ်ရှင် နယူးဇီလန်က ပေါ်တူဂီကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။ နယူးဇီလန်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာကို ၅-၁ ဂိုးနဲ့နိုင်ပြီး အကောင်းဆုံး အုပ်စုတတိယအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တာပါ။ အခြားပွဲစဉ်တွေမှာတော့ ဥဇဘက်ကစ္စတန်က သြစတြီးယားကို ၂-၀ ဂိုး၊ ဥရောပထိပ်သီး ဂျာမနီက နိုင်ဂျီးရီးယားကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး တောင်အမေရိကအသင်း အချင်းချင်းတွေ့ဆုံတဲ့ ဘရာဇီးနဲ့ ဥရုဂွေးတို့ပွဲမှာတော့ ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေလို့ အချိန်ပို ဆက်လက်ကစားရာမှာလည်း တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြဘဲ ပယ်နယ်တီ ကန်သွင်းခဲ့ရပါတယ်။ အဆုံးအဖြတ် ပယ်နယ်တီ ကန်သွင်းရာ ဘရာဇီးက ၅-၄ ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။ ဇွန် ၁၀ ရက်နေ့က ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်တွေမှာတော့ မာလီက ဂါနာကို ၃-၀ ဂိုး၊ အမေရိကန်က ကိုလံဘီယာကို ၁-၀ ဂိုးနဲ့နိုင်ပြီး ဆားဘီးယားနဲ့ ဟန်ဂေရီတို့ပွဲမှာ ၁-၁ ဂိုးနဲ့ သရေကျနေလို့ အချိန်ပို ဆက်လက်ကစားရာ တယောက်လျော့ ဆားဘီးယားက အချိန်ပိုဒုတိယပိုင်းမှာ ၁ ဂိုးထပ်မံသွင်းယူပြီး အနိုင်ရခဲ့ပါတယ်။ ကျန်ပွဲစဉ်တပွဲဖြစ်တဲ့ ယူကရိန်းနဲ့ ဆီနီဂေါတို့ ကစားရာ မိနစ် ၉၀ အထိ ၁-၁ ဂိုးနဲ့ သရေကျနေပြီး အချိန်ပို ဆက်လက်ကစားရာမှာလည်း ဂိုးမသွင်းယူနိုင်လို့ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ ဆီနီဂေါက ၃ ဂိုးဝင်အောင် ကန်သွင်းနိုင်ပြီး ယူကရိန်းက ၁ ဂိုးသာ ၀င်ခဲ့တဲ့အတွက် ယူကရိန်းအသင်း ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇွန် ၁၄ ရက်နေ့ ဆက်လက်ကျင်းပမှာဖြစ်ပြီး မာလီနဲ့ ဂျာမနီ၊ အမေရိကန်နဲ့ ဆားဘီးယား၊ ဘရာဇီးနဲ့ ပေါ်တူဂီ၊ ဥဇဘက်ကစ္စတန်နဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဖီဖာ PortugalU20-FifaBrazilU20-UruguayU20-Fifa02

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up