Home
အထွေထွေ
မြိုင်ကလေး သစ်တောမြေကျူးကျော်နေထိုင်သူများ ဖမ်းဆီးခံရ
DVB
·
June 11, 2015
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြိုင်ကလေး သစ်တောကြိုးဝိုင်းအတွင်းမှာ ကျူးကျော်နေထိုင်သူ ၂ ဒါဇင်ကို ဘားအံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး စိန်လွင်က “သစ်တောက အမှုဖွင့်တဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့က သစ်တောဥပဒေပုဒ်မ ၄၃ (က) နဲ့ ပုဒ်မ ၄၀ (က-ဂ) ၂ မှုနဲ့ ကျနော်တို့ အမှုဖွင့်ပြီးတော့ အဲဒီမှာ အဓိကပါဝင်တဲ့ ကော်မတီတို့၊ အုပ်ချုပ်ရေးမှူးတို့ စုစုပေါင်း လူ ၂၄ ဦးကို ဖမ်းထားပါတယ်။ ” လို့ ပြောပါတယ်။ စတင်ဖမ်းဆီးချိန်က ၃၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ပြစ်မှုကျူးလွန်ခြင်းမရှိသူ ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ကြိုးဝိုင်းအတွင်းမှာ လွန်ခဲ့တဲ့ ၆ လခန့်ကစပြီး ကျူးကျော်နေထိုင်သူ တိုးပွားလာပြီး အခုအခါ အိမ်ခြေပေါင်း ၁၃၀ လောက်အထိ ရှိလာတယ်လို့ ရဲမှူးကြီး စိန်လွင်က ပြောပါတယ်။ အဲဒီမြေကွက်ကို အကွက်ချရောင်းချခဲ့တဲ့ ကရင်ငြိမ်းချမ်းကောင်စီ (KNU/KNLA- PC) အဖွဲ့ဝင် တဦးကိုလည်း အရေးယူထားတယ်လို့လည်း ပြောပါတယ်။ “အဲဒီမှာ (KNU/KNLA PC) က စောမိုက်ကယ်ဆိုတဲ့လူကနေပြီး အုပ်ချုပ်ရေးမှူး တာဝန်ယူ ပြီးတော့ ရွာကော်မတီသူ့ဘာသူဖွဲ့တယ်။ ပြီးတော့ မြေကွက်တွေကို သူက အကွက်ရိုက် ရောင်းစားတာပေါ့။ ကျနော်တို့ ကနေဦး စစ်ဆေးဖော်ထုတ်ချက်အရတော့ ရွာသားတွေထဲမှာ ၅ သောင်း၊ တသိန်း အဲလို စရံပေးရတယ်။ ပြီးရင် ကိုယ်သတ်မှတ်တဲ့ မြေကွက်ကို ကိုယ့်ဘာသာကို ခြုံရှင်းကြ၊ အားလုံးပြီးလို့ နေပြီဆိုလို့ရှိရင် နောက်ပိုင်းမှာ ၅ သိန်းပေးရတယ်။ အဲဒါမျိုး သဘောတူညီချက်နဲ့ဝင်တယ်။ ကျနော်တို့ကတော့ (KNU/KNLA PC)ကဆိုပြီး ခွင့်လွှတ်လို့ မရပါဘူး။ ပြစ်မှု ကျူးလွန်တဲ့နေရာမှာ သူက အဓိကခေါင်းဆောင်ဖြစ်တဲ့အတွက် သူ့ကိုလည်း ကျနော်တို့ ဖမ်းပြီး အရေးယူထားပါတယ်။” အဲဒီသစ်တော်ကြိုးဝိုင်းဟာ ဘားအံ-သထုံ ကားလမ်းဘေးမှာ တည်ရှိပြီး ဘားအံမြို့နဲ့ ၁၅ မိုင်လောက် ဝေးပါတယ်။ အဲဒီကြိုးဝိုင်းနားမှာ ရှိတဲ့ ကျေးရွာတွေက ရွာသားတွေ လာရောက်ပြီး ကျူးကျော်ဆောက်လုပ်တာလို့ ဆိုပါတယ်။ ကျူးကျော်အိမ်တွေကို ဖယ်ရှားပေးဖို့ သတိပေးထားပြီး  မဖယ်ရင်တော့ သစ်တောဌာနက  ဖယ်ရှားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024