Home
မြန်မာသတင်း
နယ်မြေကျော်ပြီးကျောင်းအပ်နှံမှု ခက်ခဲနေသည့် ကျောင်းသား ၁၇ ဦး ကျောင်းအပ်ခွင့်ရ
နော်နိုရင်း
·
June 11, 2015
နယ်မြေကျော်ပြီး ကျောင်းအပ်နှံမှု ခက်ခဲနေတဲ့ နတ်မောက်မြို့နယ်က ကျောင်းသား ၁၇ ဦးအရေး ညှိနှိုင်းဆောင်ရွက်မှုကြောင့် ကျောင်းအပ်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ မကွေးတိုင်း နတ်မောက်မြို့နယ် နကျားထူးကျေးရွာက စတုတ္ထတန်းအောင် ကျောင်းသူ ကျောင်းသား ၁၇ ဦးဟာ နတ်မောက်မြို့က အထက ၁ ကျောင်းမှာ ပဉ္စမတန်းဆက်လက်တက်ရောက်ဖို့  ကျောင်းအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က တခါ ကျောင်းအပ်ခဲ့ရာမှာ နတ်မောက်အထက ၁ က ကျောင်းအပ်လက်မခံခဲ့ပါဘူး။ မေ ၂၇ ရက်နေ့မှာ နောက်ထပ်တခါ အပ်ခဲ့ပေမယ့် ကျောင်းအပ်လက်မခံဘဲ ဇွန် ၁၁ ရက် တတိယအကြိမ် ကျောင်းအပ်မှ ကျောင်းအပ်လက်ခံတယ်လို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးကျော်ထွေးက ပြောပါတယ်။ “ကျောင်းအပ်တဲ့နေရာမှာ ကျောင်းအုပ်ဆရာမကြီးက သူ့အထက်က ညွှန်ကြားထားလို့ လက်မခံနိုင်တဲ့အကြောင်းမို့လို့ ကျနော်တို့ ပြန်လာခဲ့ရတယ်။ အဲဒီကနေ ၂၇ ရက်နေ့ သွားပြန်အပ်တယ်။ အဲဒီတော့လည်း လက်မခံနိုင်သေးတဲ့အကြောင်းပဲ ကျနော်တို့ကို ပြောလွှတ်လိုက်တယ်။ လက်မခံနိုင်တဲ့အကြောင်းကို စာလေးဘာလေးနဲ့ လုပ်ပေးပါ ဆိုတော့လည်း သူတို့က လုပ်ပေးပိုင်ခွင့် မရှိဘူးတွေ ဘာတွေနဲ့ ကျနော်တို့မှာ ကလေးတွေနဲ့ အခက်အခဲ ဖြစ်နေတယ်။ အခု ဒီကနေ့ လာအပ်တော့ အားလုံးအဆင်ပြေသွားပါတယ်။” ကျောင်းသားမိဘတွေက ကျောင်းသားငယ်တွေအနေနဲ့ သူတို့ ညီအကိုမောင်နှစ်မတွေ တက်ရောက်တဲ့ အထက ၁ မှာပဲ တက်ရောက်နိုင်ရင် သွားရေးလာရေး လုံခြုံစိတ်ချမှုကြောင့် အပ်ချင်တာဖြစ်ပြီး အရင်နှစ်တွေတုန်းက အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။ နတ်မောက်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဆွေကတော့ ပညာရေးဦးစီး ဌာနက ချမှတ်ထားတဲ့ ကျောင်းအုပ်စုနယ်မြေကို သတ်မှတ်ထားပြီး သက်ဆိုင်တဲ့ ကျောင်းကိုပဲ အပ်နှံရမယ်ဆိုတဲ့မူအရဆောင်ရွက်တာသာဖြစ်တယ်လို့ ရှင်းပြပြီး ခုတော့ ညှိနှိုင်းပြေလည်သွားပြီလို့ ပြောပါတယ်။ “ဒီမှာ ကျောင်းအုပ်စုနယ်မြေဆိုတာ ရှိပါတယ်။ မြန်မာတနိုင်ငံလုံး မြို့အသီးသီးမှာရှိတဲ့ မိမိတို့ သက်ဆိုင်ရာ မိမိတို့နယ်၊ ဥပမာ အထက်တန်းကျောင်းတကျောင်းရဲ့ လက်အောက်ခံ ကျောင်းတွေရှိတယ်။ အထက ၁ လက်အောက်မှာရှိတဲ့ ကျောင်းတွေက အထက ၁ ကိုပဲ ၀င်ရမယ်ပေါ့။ အထက ၂ ဆိုလို့ရှိရင်လည်း အထက ၂ ကိုပဲ ၀င်ရမယ်ပေါ့။ အဲလို သတ်မှတ်ချက်က နဂိုက ရှိပါတယ်။ ဒါက ဟိုအရင်တုန်းက တိတိကျကျ သိပ်မကျင့်သုံးဘူး။ ကျောင်းသားဦးရေက နှစ်တိုင်းနှစ်တိုင်း အတိုးပဲရှိတဲ့အခါကျတော့ စာသင်ခန်းနဲ့ စာသင်ခုံ အခက်အခဲရှိလာခဲ့အခါမှာ နဂိုရှိထားတဲ့ ဥပဒေကို ပြန်ပြီးတော့ ကျင့်သုံးထားတာဖြစ်ပါတယ်။ “ဒါပေမယ့် အခုတော့ မိဘတွေရဲ့ တောင်းဆိုချက်အရရယ်၊ ရပ်ရွာလူထုရဲ့ အခက်အခဲကို စာနာနားလည်တဲ့အနေနဲ့ လူမှုရေးဝန်ကြီး၊ တိုင်းပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး နောက် သူတို့ တက်ချင်တဲ့ အထက ၁ ကျောင်းအုပ်တို့ ညှိနှိုင်းပြီးတော့ ဒီနေ့ သူတို့ကို ပြန်ပြီးတော့ လက်ခံလိုက်ပါပြီ။” ပဉ္စမတန်းကျောင်းသား ၁၇ ဦးဟာ ကျောင်းအပ်ခက်ခဲမှု ပြဿနာတွေကြောင့် စာသင်ချိန် ၂ ပတ် ဆုံးရှုံးခဲ့ပါတယ်။ နတ်မောက်မြို့နယ်မှာ အထက်တန်းနဲ့ အလယ်တန်းကျောင်းပေါင်း ၁၈ ကျောင်းရှိပြီး ဒီကျောင်းတွေရဲ့ လက်အောက်ခံနယ်မြေ အုပ်စု ၂၈ အုပ်စု ရှိတယ်လို့ နတ်မောက်မြို့နယ် ဒုတိယပညာရေးမှူး ဦးခင်မောင်ဆွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024