Home
မေးမြန်းခန်း
သေချာတဲ့ နိုင်ငံရေးအာမခံချက်တွေရှိဖို့ အရေးကြီးတယ် - ပဒိုမူစီဖိုးရာစိန်
အေးနိုင်
·
June 11, 2015
ကရင်ပြည်နယ် ဘားအံခရိုင် ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာမှာ ကျင်းပတဲ့ အစည်းအဝေးက တနိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ် မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အတည်ပြုခဲ့ကြပါတယ်။ ဒီပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက်ကို အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ အပြီးသတ် သဘောတူစာချုပ်ရသည်အထိ ညှိနှိုင်းဖို့ အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ ၁၅ ဦးပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံရသူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌ ပဒိုမူစီဖိုးရာစိန်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များရဲ့ ထိပ်သီးအစည်းအဝေးမှာ ဆရာမက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တဲ့ ၁၅ ဦးပါ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့က ဘာတွေကို ဆောင်ရွက်မှာလဲ။ “အဲဒါကတော့ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အပေါ်မှာပဲ ပထမ ကျမတို့ ပြန်ပြီးတော့ ညှိနှိုင်းရမှာပဲ။ အစည်းအဝေးက ဆုံးဖြတ်တဲ့ အန်စီအေ ဖြည့်စွက်ပြင်ဆင်ချက်တွေကို ကျမတို့က ဆက်လက်ဆွေးနွေးရမှာ ဖြစ်တယ်။” ပြီးစီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကြီး တခုလုံးကို ခြုံပြီးပြောရင် ဘယ်လိုမျိုး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့သလဲ။ ဘယ်လိုဖြစ်ထွန်းတိုးတက်ခဲ့သလဲ။ “တခုလုံးခြုံပြောမယ်ဆိုရင် ဒီအစည်းအဝေးမှာ အားလုံးက တက်တက်ကြွကြွ ပါဝင်ပြီးတော့ ဆွေးနွေးတယ်။ အန်စီအေမှာလည်း ပြန်လည်သုံးသပ်ပြီးတော့ ဆွေးနွေးတင်ပြတာ၊ ဖြည့်စွက်တာတွေရှိတယ် ပြင်ဆင်တာတွေ ရှိတယ်။ ဒါက အားလုံးက သဘောတူထားပြီးတော့ လက်ခံတာရှိတယ်။ ဒီမူကြမ်းက ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်နဲ့အတူ အတည်သဘောတူတာ ဖြစ်တယ်။ ဒါကြောင့် ဒါကို ဒီအစည်းအဝေးမှာ စည်းစည်းလုံးလုံးနဲ့ အောင်အောင်မြင်မြင် ဖြစ်တယ်လို့ ပြောလို့ရတယ်။ ကျေနပ်အားရပါတယ်။” တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးတဲ့အခါ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်တယ်။ အစိုးရဘက်က တအောင်း၊ ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေကို ပါဝင်မှာ မလိုလားဘူး။ အစိုးရမူဝါဒအရ အပစ်ရပ် သဘောတူညီချက် ရှေ့တိုးဖို့ ခက်သွားပြီလို့ အမ်ပီစီဘက်က ပြောတယ်။ ဆရာမတို့ ညှိနှိုင်းရေးအဖွဲ့က အရင်ဆုံး ဘာဆောင်ရွက်မလဲ။ “ကျမတို့အမြင်ကတော့ အဲဒါကတော့ အစိုးရဘက်က ကိုင်စွဲတဲ့ မူဝါဒ ဖြစ်တာပေါ့လေ။ ဒါပေမယ့် ကျမတို့ဘက်က ကိုင်တဲ့မူက ဟိုး (၂၀၁၄ ဇန်န၀ါရီ) လော်ခီးလာ တိုင်းရင်းသားညီလာခံကြီးက ဆုံးဖြတ်ခဲ့တဲ့ မူအပေါ်မှာ ဒါကို အခြေခံယူထားတာ ဖြစ်တယ်။ အဲဒါကတော့ အားလုံးပါဝင်ရေးအပေါ်မှာ ဖြစ်တယ်။ အနည်းဆုံးကတော့ အန်စီစီတီ (တပြည်လုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့) ၀င်တွေကို ပါဝင်ရမယ်လို့ ဆုံးဖြတ်ထားတဲ့မူ ဖြစ်တယ်လို့ ပြောလို့ရတာပေါ့လေ။ အဲဒါကို ထပ်လောင်းပြီးတော့ အတည်ပြုတာပေါ့။ ပါဝင်မယ့်သူတွေ ဘယ်လိုပုံစံမျိုးလဲ ကျမတို့ချထားတဲ့ စံအတိုင်းပဲ ဒီအစည်းအဝေးကနေ ထပ်လောင်းပြီးတော့ အတည်ပြုတာဖြစ်တယ်။” ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဘယ်တော့လောက် ထဲထဲဝင်ဝင် ပါဝင်နိုင်မလဲ။ “အဲဒါကတော့ ဆွေးနွေးတဲ့အခါကျတော့ ပါဝင်သင့်တယ်ဆိုတာ အားလုံးက သဘောတူတယ်။ နိုင်ငံရေးဆွေးနွေးတဲ့အဆင့်မှာ ပါဝင်ဖို့ဆိုတာ ရှိထားပြီးသား။ အခုအဆင့်မှာကတော့ လေ့လာသူအနေနဲ့ ပါဝင်ဖို့ အတွက်ကတော့ ဆက်လက်ပြီးတော့ ဆွေးနွေးရမှာဖြစ်တယ်။ အကြံပြု ထားတာတွေ ရှိတယ်။” တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းအဝေးမှာ တရုတ်နိုင်ငံ ကိုယ်စားလှယ်တက်တာ တွေ့ရတယ်။ အခု ထိပ်သီးအစည်းအဝေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်လိုက်တယ်။ ဆိုတော့ ဒေါ်စုခရီးစဉ်နဲ့ ပတ်သက်လို့ ဘာ message (သတင်းစကား) ပေးချင်လဲခင်ဗျ။ “ကျမအမြင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ကျမတို့ အရေးကြီးတာကတော့ တနိုင်ငံလုံးရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက်က အားလုံးက ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်နေတယ်။ အဖက်ဖက်မှာလည်း တိုင်းရင်းသားတွေကသာ မကဘဲနဲ့ နိုင်ငံရေးပါတီတွေကလည်း ဒါကို ကျမတို့ ဗမာပြည်တခုလုံး၊ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဆောင်ရွက်ဖို့ ပြောချင်တယ်။” အစိုးရဘက် ယူပီဒဗလျူစီနဲ့ အန်စီစီတီအကြား တပြည်လုံး အပစ်ရပ်သဘောတူညီချက် (မူကြမ်း) ကို အစိုးရဘက်က ပြင်စရာမလိုဘူးပြောတယ်။ တိုင်းရင်းသားတွေဘက်က ၁၅ ချက် ပြင်ဆင်ဖြည့်စွက်မယ်ဆိုတဲ့အပေါ် တိုင်းရင်းသားတွေဘက်က ဈေးဆစ်တယ်လို့ ဖော်ပြရေးသားမှုတချို့နဲ့ ပတ်သက်လို့ ဘာတုံ့ပြန်စရာရှိမလဲ။ “ကျမတို့အမြင်ကတော့ တိုင်းရင်းသား တဖွဲ့ချင်းစီကတော့ အပြန်အလှန် ညှိနှိုင်းတာ ရှိတာပေါ့လေ။ ဒါပေမယ့် ဒီမှာ စုစုစည်းစည်း တိုင်းရင်းသားတွေအားလုံး ပါဝင်ပြီးတော့ ဒီလို ထိပ်သီးအစည်းအဝေးလိုမျိုးကတော့ အန်စီအေ (မူကြမ်း) ရလာကတည်းက ဆွေးနွေးကြတာ ဒီတခါပဲ ရှိသေးတယ်နော်။” “ပထမကတော့ လော်ခီးလာညီလာခံမှာ ချမှတ်ထားတဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ချမှတ်ထားတာဖြစ်တယ်။ ကြည့်မယ်ဆိုရင် ဒီကြားကာလမှာ အားလုံးထိုင်ပြီးတော့ စာချုပ်မူကြမ်းကို ဆွေးနွေးတာ မရှိသေးဘူး။ အခုမှ ပြန်ပြီးဆွေးနွေးတာဖြစ်တယ်။ အဲဒါက ကျမတို့လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်။ အရင်က တဖွဲ့ချင်းစီ တဖွဲ့ချင်းစီက ညှိတာရှိတယ်။ အဖြေပြန်ပေးတာ ရှိတယ်။ ပြင်ဆင်ဖြည့်စွက်တာ ရှိတယ်။ ဒါပေမယ့် အားလုံးထိုင်ပြီးတော့ ဒီလိုမျိုး မရှိဘူးပေါ့လေ။ အခု ဆွေးနွေးကြတာဖြစ်တဲ့အတွက် ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် ဖြစ်တယ်။ အဖွဲ့တွေကတော့ လုပ်ရမှာပဲ။ ဒီလိုလုပ်မှပဲ ကျမတို့ သွားနေတဲ့လမ်းကို အဲဒါက နိုင်ငံရေးလမ်းကြောင်းကပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကပဲဖြစ်ဖြစ် တစုတစည်းနဲ့ သွားတာဖြစ်တယ်။” တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူ တရပ်လုံးကို ဒီထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး ဘာများပြောစရာရှိမလဲ။ “ကျမပြောချင်တာကတော့ ကျမတို့သွားနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကပဲ ဖြစ်စေ၊ တနိုင်ငံလုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကပဲ ဖြစ်စေပေါ့လေ။ အဲဒါကတော့ ပြည်သူလူထုတွေက ပါဝင်ဖို့ လိုအပ်တယ်။ ပြည်သူလူထုတွေကလည်း ဒီဟာကို လေ့လာပြီးတော့ လိုအပ်နေတဲ့ဟာတွေကိုလည်း ပံ့ပိုးမှုလိုတယ်လို့ ကျမ ပြောချင်တယ်။ ပြီးတော့ ကျမတို့ အခုလုပ်ဆောင်နေတဲ့၊ အခုလောလောဆယ် ၃ နှစ်ကာလမှာ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကပဲဖြစ်ဖြစ် အခုမှာ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ကြိုးစားနေတုန်းပဲဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက်နဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် လုပ်ဆောင် ကြိုးစားနေဆဲပဲ ဖြစ်တယ်။ အဲဒါကြောင့် ဒါကို ရရှိပြီးမှ နောက်တဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ရှိတယ်။" "အဲဒါကြောင့် အခုလောလောဆယ်မှာ ကျမတို့ နိုင်ငံရေးဆွေးနွေးပွဲ မရောက်သေးဘူး။ အဲဒါကြောင့် ပြည်သူလူထုတွေကလည်း ဒါကို အရေးကြီးတာ သိဖို့လိုတယ်။ အခုအချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကျမတို့ မရသေးဘူး။ ငြိမ်းချမ်းရေးစာချုပ်လည်း ကျမတို့ မရသေးဘူး။ ကျမတို့ အခုမှပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ရရှိဖို့အတွက် ကြိုစားနေတာဖြစ်တယ်။ ကြိုးစားနေတဲ့အပေါ်မှာ ဒါကို အဖွဲ့အစည်းတွေကပဲ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေအတွက်ပဲ မဟုတ်ဘဲနဲ့ ပြည်သူလူထုတွေ အားလုံးအတွက်လည်း ဦးစားပေးဖြစ်ဖို့အတွက် ဒါကို ကျမတို့ သေသေချာချာဖြစ်မှပဲ အားလုံးအကျိုးတူညီစွာ ခံစားလို့ရတယ်။ အဲဒါကြောင့် ကျမတို့ သွားနေတာကတော့ သေသေချာချာ လိုအပ်နေတဲ့ နိုင်ငံရေးအာမခံချက်တွေ ရှိဖို့အတွက်ကတော့ ဒါကို အရေးကြီးတယ်လို့ ကျမ ပြောချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024