ထောင်ဖောက်ပြေး လူသတ်သမား ၂ ဦးကို စုံစမ်းရေးအရာရှိများ အပူတပြင်းရှာဖွေ

ဓာတ်ပုံ - ရိုက်တာ
1.7K
လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တခုကနေ ၅ ရက်ကြာ ထွက်ပြေးလွတ်မြောက်နေတဲ့ ထောင်ပြေး ၂ ဦးဟာ အခုတော့ နယူးယောက်ပြည်နယ် အရှေ့ဘက်က ဗားမောက်ပြည်နယ်ကို ထွက်ပြေး ရောက်ရှိသွားပြီလို့ စုံစမ်းရေးအရာရှိတွေက ယုံကြည်နေကြပါတယ်။
ထောင်ပြေး ရစ်ချက် မတ်တ် (Richard Matt) နဲ့ ဒေးဗစ် ဆွမ်းတ် (David Sweat) တို့ဟာ လုပ်ငန်းသုံး စက်ကိရိယာတွေနဲ့ ထောင်ကိုဖောက်ပြီး ဇွန် ၄ ရက် ညက ထွက်ပြေး လွတ်မြောက်သွားကြတာပါ။
နယူးယောက်ပြည်နယ်မှာ လုံခြုံရေးအခြေအနေ မကောင်းလို့ ဗားမောက်ပြည်နယ်ထဲကို ၀င်ပြေးသွားပြီလို့ ယုံကြည်ရတယ်၊ ဒါကြောင့် ဗားမောက်ပြည်နယ်ကို ပိတ်ပြီးရှာဖွေမယ်လို့ ဗားမောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ပီတာ ရှန်မ်လင်း (Peter Shumlin) က ပြောပါတယ်။
“အထိတ်တလန့် ဖြစ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် သတိတော့ ထားကြရပါမယ်။ သံသယဖြစ်စရာတွေ့ရင် အနားမကပ်ပါနဲ့။ လုံခြုံရေး အာဏာပိုင်တွေကိုသာ ဖုန်းဆက်အကြောင်းကြားပါ။ အိမ်တံခါးတွေကိုပိတ်ပြီး လုံခြုံရေးသတိ ရှိကြပါ။ ဒီထောင်ပြေး ၂ ယောက်ကို ပြန်ဖမ်းမိရေး အားလုံးဝိုင်းဝန်းကြပါ။”
ထောင်ထဲမှာ စက်ချုပ်တဲ့ အမျိုးသမီးက ဒီထောင်ပြေး ၂ ဦးကို လုပ်ငန်းသုံးစက်ကိရိယာတွေ ကူညီခဲ့တယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က အတည်ပြုပါတယ်။
ထောင်ပြေး ၂ ဦး အပြင်ရောက်တဲ့အခါ ကားနဲ့ပါ သွားကြိုဖို့အထိ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးတော့ မသွားဖြစ်ခဲ့ဘူးလို့ အမည်မဖော်သူတဦးကို ကိုးကားပြီး စီအန်အန်သတင်းဌာနမှာ ဖော်ပြပါတယ်။
အသက် ၄၈ နှစ်အရွယ် ထောင်ပြေး ရစ်ချက် မတ်တ်ကတော့ ၁၉၉၇ ခုနှစ်က လူသတ်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ကျခံနေရပြီး အသက် ၃၄ နှစ်အရွယ် ဒေးဗစ် ဆွမ်းတ်ကတော့ လုံခြုံရေးအရာရှိတဦးကို သတ်ဖြတ်မှုနဲ့ အပြစ်ဒဏ်လျော့ပေါ့ခွင့်မရှိ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတာပါ။