A d v e r t i s e m e n t With Us

လက်နက်မပြန့်ပွားရေး တရုတ်၏ ကတိအပေါ် အမေရိကန် စိုးရိမ်

ဓာတ်ပုံ - ရိုက်တာ
တရုတ်ရဲ့ လက်နက်မပြန့်ပွားရေး ကတိက၀တ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်လာရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာအပေါ် အံ့အားသင့်မိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၀ ရက်နေ့မှာ ပြောကြားသွားပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေဆီ ဒုံးကျည်အစိတ်အပိုင်းတွေကို တရုတ်ဘက်က ဆက်လက် ထောက်ပံ့နေကြောင်းနဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ ဇီဝနည်းပညာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးအောင်နဲ့ ဇီဝဆိုင်ရာ လုပ်ဆောင်ချက်တွေထဲမှာ စစ်ဖက်နဲ့ အရပ်ဖက် ၂ မျိုလုံး သုံးစွဲနိုင်တဲ့ လုပ်ငန်းသုံး အစီအစဉ်ကို ပါဝင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အငြင်းပွားဖွယ် နျူကလီးယားအရေးကိစ္စ ရှိကြတဲ့ အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ တင်းကျပ်တဲ့ ဒဏ်ခတ်မှုအတွက် သဘောတူ လက်ခံထားချိန်မှာ တရုတ်ကုမ္ပဏီတွေက အဲဒီ ၂ နိုင်ငံစလုံးကို တားမြစ်ထားတဲ့ လက်နက်တွေနဲ့ အစိတ်အပိုင်းပစ္စည်းတွေ ရောင်းချနေတဲ့အတွက် သံသယ ရှိနေကြတာပါ။ တရုတ်နိုင်ငံဟာ လက်နက်မပြန့်ပွားရေးကို ဦးတည်ပြီး အရေးကြီးတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ထားပါတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟုန်လေက ပြောပါတယ်။ “လတ်တလောနှစ်တွေအတွင်းမှာ အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံဘက်က ကြိုးပမ်းအားထုတ်မှုတွေနဲ့ ထောက်ပံ့ ဖြည့်ဆည်းမှုတွေအတွက် နေရာအတော်များများမှာ သူတို့ ထောက်ခံချက် အပြည့်အ၀ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် လက်နက်ဖျက်သိမ်းရေး၊ လက်နက်မပြန့်ပွားရေးနဲ့ လက်နက်ထိန်းချုပ်ရေးတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ကတော့ ဓာတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်နေတာပါ။ တရုတ်နဲ့ ပတ်သက်ပြီး ဒီလို မှတ်ချက်ပေး ရဲတင်းလွန်းတာကိုတော့ အတော်ကို အံ့အားသင့်ရပြီး အတော်လေးကို မကျေနပ်စရာ ဖြစ်ရပါတယ်။” တရုတ်အစိုးရကတော့ အဲဒီ အီရန်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံစလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာကို လက်ခံတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ အခုလို ပြောဆိုမှုဟာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အထောက်အကူ မဖြစ်ပါဘူးလို့ ဟုန်လေက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ “အမေရိကန်ပြည်ထောင်စုဘက်က မှတ်ချက်တွေကတော့ လုံးဝ အခြေအမြစ် မရှိပါဘူး။ ဒါကို တရုတ်နိုင်ငံဘက်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ ဒီလို လုပ်ဆောင်မှုမျိုးဟာ ၂ ဘက် လေးစားမှုနဲ့ ယုံကြည်မှုကို အခြေခံတဲ့ နိုင်ငံတွေကြားမှာ လက်နက်ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေး ကိစ္စတွေမှာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူ မဖြစ်နိုင်ပါဘူး။”

A d v e r t i s e m e n t With Us

More News
Up