Live
Home
မြန်မာသတင်း
စစ်ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့ ကြေညာ
အေးနိုင်
·
June 11, 2015
ဦးဖုန်ကျားရှင်ခေါင်းဆာင်တဲ့ ကိုးကန့်တပ်မတော် (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) က မိမိကိုယ်ကို ကာကွယ်ခြင်းမှအပ အစိုးရတပ်တွေကို တိုက်တော့မှာမဟုတ်ဘဲ တဖက်သတ် စစ်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။ တရုတ်နိုင်ငံအစိုးရက တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြင်းပြင်းပြပြ တောင်းဆိုမှု၊ မြန်မာနိုင်ငံ ပြည်သူတွေ ဒီမိုကရေစီဖြစ်စဉ်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်းပြတဲ့ ဆန္ဒတွေကို တုံ့ပြန်ဖို့အတွက် စစ်ရေးကော်မတီက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၀ ရက် ညသန်းခေါင်အချိန်မှာ  စစ်ရပ်စဲရေး စတင်အကျုံးဝင်တယ်လို့ ဖော်ပြပါတယ်။ ကိုးကန့်တပ်မတော်ရဲ့ တဖက်သတ် စစ်ရပ်စဲမှု ကြေညာချက်ဟာ ဇွန် ၂ ကနေ ၉ရက်ထိကျင်းပတဲ့ လော်ခီးလာ အစည်းအဝေး အပြီး နောက်တရက်မှာ စတင်တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီက တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်နိုင်ငံခရီးစဉ် စတင်တဲ့ရက်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။ ထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ တရုတ်ဘာသာတွေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ကိုးကန့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက အတည်ပြုပြောဆိုပါတယ်။ သူက “မှန်ပါတယ်၊ မှန်ပါတယ်။ အဓိကကတော့ တနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ကြောင့် အဟန့်အတားဖြစ်မှာစိုးလို့ပါ။ နောက်တခုက နဂိုကတည်းက ကျနော်တို့က ထိုးစစ်မဆင်ပါဘူး။ အဲဒါကို အားလုံးသိအောင် ခုလို ကြေညာချက်ထုတ်ခြင်း ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ တရုတ်အစိုးရ တောင်းဆိုမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တရုတ်နိုင်ငံထုတ် မီဒီယာတွေမှာ ဒီတိုက်ပွဲကိစ္စကို အမြဲတမ်း ပြောဆိုနေတာတွေ ရှိတာကြောင့် ကိုးကန့်တပ်သဘောထားကို ရှင်းရှင်းလင်းလင်းသိအောင် ထုတ်ပြန်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ကြေညာချက်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ပတ်သက်လို့ ဦးထွန်းမြတ်လင်းက “အဓိကကတော့ စစ်ကြောင့်မို့လို့၊ တိုက်ပွဲကြောင့်မို့လို့ ရွေးကောက်ပွဲကို သွားပြီး ထိခိုက်မှာစိုးလို့ပါ။ ဒီရွေးကောက်ပွဲဟာ အရမ်းအရေးကြီးတယ်လို့လည်း ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ဒေသမှာ မလုပ်နိုင်ပေမယ့် တနိုင်ငံလုံး၊ တိုင်းရင်းသားညီအကိုတွေ အားလုံးအတွက် ကျနော်တို့ စဉ်းစားချက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ရပ်စဲကြောင်း ကြေညာချက်နဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က တစုံတရာ တုံ့ပြန်ထုတ်ပြန်ခြင်း၊ ပြောဆိုခြင်း မရှိသေးပါဘူး။ ကိုးကန့်ဒေသမှာ လက်ရှိကာလ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးက မသေမချာ ဖြစ်နေဆဲ အခြေအနေကို ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ရှင်းလင်းပြောဆိုခဲ့ပြီး အခြေအနေ တိုးတက်လာရင်တော့ ကျင်းပနိုင်ဖွယ် ရှိနေပါတယ်။ ကိုးကန့်ဒေသ ရွေးကောက်ပွဲကျင်းပရေးနဲ့ ပတ်သက်လို့ ဘယ်လောက် အလေးထားပါသလဲလို့ ဦးထွန်းမြတ်လင်းကို မေးမြန်းတဲ့အခါမှာတော့ သူက “ကျနော်တို့ဒေသအတွင်းကတော့ သိပ်ပြီးတော့ ထိခိုက်မှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီကလူတွေ တော်တော်များများက အမျိုးသားမှတ်ပုံတင် မရှိပါဘူးခင်ဗျ။ အဲဒီတော့ မဲထည့်ခွင့်လည်း မရှိဘူးပေါ့ဗျာ။ အဲဒီတော့ ဒေသအတွင်းကတော့ သိပ်မထူးပါဘူးဗျာ။” လို့ ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ဟာ ဒီနှစ်အတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အထိအခိုက် အကျအဆုံး များပြားခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ်မှာ ကိုးကန့်တပ်က ဆွေးနွေးဖို့ အစိုးရကို ကမ်းလှမ်းခဲ့ရာမှာ အစိုးရဘက်က ပယ်ချခဲ့ပြီး ကြည်းတပ်၊ လေတပ်အင်အား အလုံးအရင်းသုံးစွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကိုးကန့်တပ်မတော်ဟာ အစိုးရနဲ့ အပစ်ရပ်ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တပြည်လုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ၀င် ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်က ကိုးကန့်၊ ရခိုင်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေကို တပြည်လုံးအပစ်ရပ်စာချုပ် ရေးထိုးရာမှာ ပါဝင်ခွင့်မရှိဘူးလို့ ကန့်သတ်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ်ရှိရာ လောခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကြီးကတော့ တပ်ဖွဲ့အားလုံးပါဝင်နိုင်မှ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024