A d v e r t i s e m e n t With Us

ကမ္ဘောဒီးယား-မြန်မာ ပထမပိုင်း ၂-ဝ

ဆီးဂိမ်း ယူ ၂၃ ဘောလုံးပွဲမှာ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ဇွန် ၁၀ ရက်က ယှဉ်ပြိုင်ကစားရာ ပထမပိုင်းမှာ ကမ္ဘောဒီးယားက ၂-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ မြန်မာအသင်းဟာ ဒီနေ့မှာ အဖြူရောင်ဂျာစီကို ၀တ်ဆင်ကစားပြီး ကမ္ဘောဒီးယားအသင်းကတော့ အပြာရောင်ဂျာစီကို ၀တ်ဆင်ကစားပါပြီး ကွင်းလယ်ဒိုင်ကတော့ ဖိလစ်ပိုင်က ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း စင်ကာပူရောက် မြန်မာပရိသတ်တွေ အင်တိုက်အားတိုက် လာရောက်အားပေးတာ တွေ့ရပါတယ်။ ပထမပိုင်း ပွဲစစချင်း ကမ္ဘောဒီးယားအသင်းက စပေးဘောနဲ့ တိုက်စစ်ဆင်လာရာမှ မြန်မာကွင်း တ၀က်လောက်မှာ ပြစ်ဒဏ်ဘောကန်ခွင့်ရပြီး ကမ္ဘောဒီးယားအသင်းက ကန်သွင်းချက် ကောင်းပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာအသင်းက တိုက်စစ်ပြန်ဆင်လာပြီး ဂိုးသွင်းဖို့ကြိုးစားရာ ကမ္ဘောဒီးယား ကစားသမားနဲ့ ထိပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်မှာ ကမ္ဘောဒီးယား ကစားသမားတဦး ညာခြမ်းက အပြင်းကန်သွင်းခဲ့ပေမယ့် မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၀ မိနစ်မှာ မြန်မာအသင်းခေါင်းဆောင် ရဲဝင်းအောင် ကစားပုံကြမ်းတမ်းလို့ အ၀ါကတ်ပြား အပြခံရပါတယ်။ ဒီနေ့ပွဲ ပထမပိုင်း ၁၅ မိနစ်လောက်အထိ နှစ်သင်းစလုံးဟာ ဂိုးရဖို့အတွက် တိုက်စစ်ဆင်ကစားလို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ကမ္ဘောဒီးယား ဂိုးသမား ကန်တင်ပေးလိုက်တဲ့ ဘောလုံး မြန်မာကစားသမားတဦးရပြီး ဂိုးရှေ့မှာ အပေးအယူလုပ် ကန်သွင်းခဲ့ပေမယ့် ပျက်သွားခဲ့ပါတယ်။ ကမ္ဘောဒီးယား ကစားသမားတွေကလည်း မြန်မာအသင်း ဂိုးရှေ့ရောက်တာနဲ့ ကြုံသလို ကန်သွင်းပြီး ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန်မိနစ် ၂၀ မှာ ကမ္ဘောဒီးယား ပထမဆုံး ထောင့်ကန်ဘောကန်သွင်းခွင့် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန် ၂၄ မိနစ်မှာ ကမ္ဘောဒီးယားအသင်း ညာဘက်ခြမ်းက ကစားသမားတဦး မြန်မာဂိုးရှေ့ကို ကန်တင်ပေးတာကို ကမ္ဘောဒီးယား တိုက်စစ်မှူးတဦး ပိတ်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းပေါ်က ကျော်သွားပါတယ်။ ၂၆ မိနစ်မှာ ကမ္ဘောဒီးယားအသင်းကပဲ တိုက်စစ်ဆင်လာပြီး မြန်မာဂိုးဧရိယာ အစပ်ကနေ ဘယ်ခြမ်းကို ထိုးပေးတာမှာ ကမ္ဘောဒီးယားအသင်း တိုက်စစ်မှူး ကန်သွင်းခဲ့ပေမယ့် မြန်မာကစား သမားတဦးနဲ့ထိပြီး ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပါတယ်။ အဲဒီထောင့်ကန်ဘောကတဆင့် ကမ္ဘောဒီးယားအသင်းက နံပါတ် ၁၀ အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၁-၀ ဂိုးနဲ့ ဦးဆောင်နေပါတယ်။ ကမ္ဘောဒီးယားအသင်းဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ကစားအား မချဘဲ အပေးအယူ အချိတ်အဆက်မိမိနဲ့ မြန်မာအသင်းဘက်ကို တောက်လျှောက် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာ မြန်မာက တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ ကြိုးစားရာမှ ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပါတယ်။ အဲဒီထောင့်ကန်ဘောကတဆင့် မြန်မာအသင်းက ကျောနံပါတ် ၁၇ ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ကန်ချက်ကောင်းပေမယ့် ကမ္ဘောဒီးယား ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ထောင့်ကန်ဘော ထပ်ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ မြန်မာအသင်းက ကမ္ဘောဒီယား ဂိုးဧရိယာနဲ့ မလှမ်းမကမ်းမှာ ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရခဲ့ရာ ကန်ချက်ကောင်းပေမယ့် ကမ္ဘောဒီးယား ကစားသမားနဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားအသင်းက တိုက်စစ်ပြန်ဆင်လာပြီး မြန်မာဂိုးဧရိယာ အစပ်က အပြင်းကန်သွင်းရာ မြန်မာဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့လို့ ကမ္ဘောဒီးယားအသင်းက ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်ထားရပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ ကမ္ဘောဒီးယားဘက်အခြမ်းက ပျက်လာတဲ့ ဘောလုံး မြန်မာကစားသမားတွေရပြီး အပေးအယူလုပ် ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကမ္ဘောဒီးယား ဂိုးသမား အနာခံပြီး ဖျက်ထုတ်ခဲ့လို့ အခွင့်အရေးတခု ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်း ၄၅ မိနစ်ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်ပေးရာမှာ ကမ္ဘောဒီးယားအသင်းကပဲ တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ကြိုးစားရာမှ မြန်မာနောက်တန်း ကစားသမားတဦး ဖျက်ထုတ်ပုံကြမ်းတမ်းလို့ ပယ်နယ်တီ ကန်သွင်းခွင့် ပေးခဲ့ရပါတယ်။ အဲဒီပယ်နယ်တီကို ကမ္ဘောဒီးယားအသင်းက ကျောနံပါတ် ၁၁ ကန်သွင်းခဲ့ရာ မြန်မာဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ကမ္ဘောဒီးယားက ပိတ်သွင်းဖို့ကြိုးစားရာ မြန်မာဂိုးသမား ဖျက်ထုတ်ကာကွယ်ခဲ့ပေမယ့် ဖျက်ထုတ်ပုံ ကြမ်းတမ်းလို့ ဒုတိယအကြိမ် ပယ်နယ်တီ ပေးခဲ့ရပါတယ်။ အဲဒီပယ်နယ်တီကို ကမ္ဘောဒီးယားအသင်းက အပိုင်ကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုး သွင်းယူသွားလို့ ပထမပိုင်းအပြီးမှာ ကမ္ဘောဒီးယားက မြန်မာကို ၂-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up