အလုပ်ဖြုတ်ခံရသည့် မာစီဒီးကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြ

ဘရာဇီးလ်နိုင်ငံမြို့တော် ဆောင်ပေါလိုက ကမ္ဘာကျော် မာစီဒီးဘင့်ဇ် မော်တော်ကားကုမ္ပဏီကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ကားစက်ရုံအလုပ်သမားတွေဟာ ဆောင်ဘာနာဒို ဒို ကမ်ပို စက်ရုံအပြင်ဘက်က အလုပ်သမားရင်ပြင်မှာ ဇွန် ၉ ရက်နေ့က ဒုတိယမြောက်နေ့အဖြစ် စုဝေး စခန်းချပြီး ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဟာ အလုပ်အကိုင် ကာကွယ်ပေးရေး မြှင့်တင်ပေးဖို့ ဇွန် ၈ ရက်နေ့ကတည်းက စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ “မေလ ၂၅ ရက်နေ့က ကုမ္ပဏီကနေ အလုပ်သမား ၅၀၀ ကို ယာယီ အလုပ်နားလိုက်ပြီ လို့ ကြေညာလိုက်ကတည်းက ကျနော်တို့လည်း ဒီလိုအလုပ်ဖြုတ်တာတွေကို ဆန့်ကျင်ကန့်ကွက်တာတွေ စတင်ခဲ့တာပါ” လို့ မာစီဒီးဘင့်ဇ်စက်ရုံမှ အလုပ်သမားကော်မရှင် ညှိနှိုင်းရေးမှူး မက်စ်ပင်ဟိုက ပြောပါတယ်။ ဒီနှစ်စကတည်းက ကားအရောင်း ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇွန် ၁ ရက်ကစပြီး ထုတ်လုပ်ရေးတွေလည်း ပိတ်ထားတာပါ။ ဇွန် ၁၅ ရက်မှာ ပြန်ဖွင့်ဖို့ မျှော်လင့်ထားပေမယ့်လည်း ၀ယ်လိုအား တက်မလာရင် ထုတ်လုပ်ရေးကို ခပ်ကြာကြာ ဆိုင်းထားရမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ပြီးခဲ့တဲ့မေ ၂၅ ရက်နေ့က အလုပ်သမား ၅၀၀ ကို ယာယီ အလုပ်ရပ်ဆိုင်းမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပြီး အဲ့ဒီယာယီအလုပ်နားတဲ့ ကာလဟာ ၁ နှစ်လည်း ကျော်သွားနိုင်ပါတယ်။ မာစီဒီးဘင့်ဇ် ကုမ္ပဏီဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အလုပ်သမားပေါင်း ၇၂၅၀ ကို အားလပ်ရက်တွေ တစုတပေါင်းတည်း ယူပြီး ဇွန် ၁၆ ရက်နေ့မှာ အလုပ်ပြန်ဝင်ဖို့ ကြေညာထားပြီးနောက် အလုပ်သမား ၂၅၀ ရဲ့ အလုပ်စာချုပ်တွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကတော့ ကုမ္ပဏီကနေ အလုပ်ရပ်နားမယ် ကြေညာခဲ့သေးပေမယ့် အလုပ်သမားသမဂ္ဂတွေ သပိတ်မှောက်ကြပြီးနောက်မှာ တောင်းဆိုချက်တွေ ရရှိအောင်မြင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up