A d v e r t i s e m e n t With Us

မြန်မာက တရုတ်ဘဏ်တွင် ရင်းနှီးမတည်ငွေ ကန်ဒေါ်လာ ၂၆၄ သန်းခွဲ ထည့်ဝင်မည်

တရုတ်နိုင်ငံက ကမကထလုပ် တည်ထောင်မယ့် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) မှာ မြန်မာနိုင်ငံက မတည်ရင်းနှီးငွေ ပမာဏ ၂၆၄ ဒသမ ၅ သန်း ထည့်ဝင်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဒီကိစ္စကို လွှတ်တော်က အတည်ပြုပေးဖို့ ပြောကြားခဲ့တာဖြစ်ပြီး ကနဦးထည့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉ သန်းကို ၁၀ နှစ်၊ ၁၀ ရစ်ခွဲ ထည့်ဝင်ရမှာ ဖြစ်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အဖွဲ့ဝင်နိုင်ငံ အရေအတွက်နဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဂျီဒီပီအညွှန်းကိန်းပေါ် မူတည်ပြီး ဘဏ်ရဲ့ ကနဦး မတည်ရင်းနှီးငွေကို မူလက အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ သတ်မှတ်ခဲ့တဲ့အတွက် မြန်မာက ဒေါ်လာ ၁၉၂ ဒသမ ၁၂ သန်း ထည့်ဝင်ဖို့ လျာထားခဲ့ပေမယ့် အဖွဲ့ဝင် နိုင်ငံတွေ ထပ်တိုးလာလို့  ဘဏ်ရဲ့မတည်ငွေဟာလည်း အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထိ တိုးမြင့်ခဲ့ပြီး မြန်မာက အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၅ သန်းထည့်ဝင်ဖို့ ဖြစ်လာတာလို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကလည်း အခုသတ်မှတ်လိုက်တဲ့ ပမာဏဟာ မြန်မာနိုင်ငံအနေနဲ့ ထည့်ဝင်နိုင်တဲ့ ငွေကြေးပမာဏ ဖြစ်တဲ့အတွက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (အေအိုင်အိုင်ဘီ) သို့ ၀င်ရောက်ဖို့နဲ့ မတည်ငွေ ထည့်ခွင့်ပြုသင့်တယ်လို့ လွှတ်တော်မှာ ပြောသွားပါတယ်။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးစဉ်က မူလအဖွဲ့ဝင်တွေအဖြစ် နိုင်ငံပေါင်း ၂၂  နိုင်ငံ ပါဝင်မယ်ဆိုပေမယ့် ဒေသတွင်း တခြားနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေပါ အဖွဲ့ဝင်တွေအဖြစ် ပါဝင်လာကြတဲ့အတွက် လက်ရှိအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဂျီ-၇ စက်မှုနိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီးချိန်မှာ ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေက ဆက်လက်ပါဝင်လာပေမယ့် အမေရိကန်နိုင်ငံနဲ့ ဒေသတွင်း အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ အခုအချိန်ထိ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ အဖွဲ့ဝင်အဖြစ် အတည်ပြုခဲ့ပါတယ်။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်ကို ၂၀၁၅ ခုနှစ် မကုန်ခင်မှာ ဖွင့်လှစ်သွားမယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီး ရှိယိုဘင်းက ပြောကြားထားပြီး လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက ဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ၂၉ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံ ထည့်ဝင်ထားပါတယ်။ ဒီဘဏ်ဟာ  အမေရိကန်သြဇာမကင်းတဲ့  ကမ္ဘာ့ဘဏ်နဲ့ ဂျပန်က ခြယ်လှယ်နေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့နဲ့အပြိုင် ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ သုံးသပ်ရေးသားမှုတွေ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up