ယူကရိန်းတွင် ဓာတ်ဆီဂိုဒေါင် မီးလောင်၊ မီးသတ်သမားများ သေဆုံးဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
1.2K
ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကီယက်ဗ်ကနေ ၁၉ မိုင်အကွာက ဗာစင်လ်ကိဗ်မှာ ဇွန် ၉ ရက် နေ့က ဓာတ်ဆီတွေ အများဆုံးသိုလှောင်ထားတဲ့ လောင်စာဂိုဒေါင်မှာ မီးလောင်ပေါက်ကွဲမှုကြောင့် မီးငြှိမ်းသတ်ခဲ့တဲ့ မီးသတ်သမားတွေ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။
မီးသတ်သမား ၃ ဦး ပျောက်ဆုံးနေပြီး အတော်များများလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ အရေးပေါ် ၀န်ဆောင်မှုအဖွဲ့ အကြီးအကဲက ပြောဆိုပါတယ်။
ဓာတ်ဆီတိုင်ကီတလုံးကို မီးလောင်ရာကနေ တခြားတိုင်ကီတွေဆီ ကူးစက်လောင်ကျွမ်းသွားတာဖြစ်ပြီး ကုဗမီတာ ၉၀၀ ရှိတဲ့ ဆီတိုင်ကီ ၈ လုံးကနေ ၁၆ လုံးအထိ လောင်ကျွမ်းခဲ့ပါတယ်။
တခြားအသေးစား တိုင်ကီ၊ ပုံးတွေကိုလည်း ဆက်လက်ကူးစက်ပြီး ညဘက်ကနေ မနက်ထိ မီးအားပြင်းပြင်းနဲ့ လောင်ကျွမ်းနေတာကြောင့် မီးသတ် ၆၂ ဖွဲ့ လာရောက်ငြှိမ်းသတ်ပြီး အဲဒီနေရာကို ပစ္စည်းကိရိယာတွေနဲ့ ရေတွေကို ရထား ၃ စီးနဲ့ သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ အရေးပေါ်ကူညီဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။
ခုတော့ ဂိုဒေါင်က ဆီတိုင်ကီတွေအားလုံး ပျက်စီးသွားပြီလို့ အရေးပေါ်အဖွဲ့ အကြီးအကဲ ဗာလရီ ဘိုရီဆော့ဗ်က ပြောပါတယ်။
မီတာ ၁၀၀ အကွာလောက်မှာ နောက်ထပ် ဂိုဒေါင်တခုလည်း ရှိသေးတာကြောင့် အဲဒီကို မီးမကူးသွားရအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မီးလောင်မှုအတွက် လောင်စာဆီ သိုလှောင်မှု စည်းကမ်း ဖောက်ဖျက်မှု၊ နည်းပညာပိုင်း ချို့ယွင်းမှု ဒါမှမဟုတ် ရှို့မီး စတဲ့ အဖြစ်နိုင်ဆုံး အကြောင်းရင်း ၃ ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အာဏာပိုင် ဇော်ရန် ရှကီရာယက်ခ်က ပြောပါတယ်။
အရေးပေါ်လုပ်သား အနည်းဆုံး ၅ ယောက်လည်း ဒဏ်ရာရရှိထားတယ်လို့ အရေးပေါ်အဖွဲ့က ပြောပါတယ်။
မီးသတ်သမား ဘယ်လောက် သေဆုံးသွားတယ် ဆိုတာတော့ မသိရသေးဘူး။ ခုချိန်ထိ မီးလောင်ကျွမ်းနေဆဲ၊ ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ

