A d v e r t i s e m e n t With Us

ကမ္ဘောဒီးယားနှင့်ပွဲ ကစားသမား ၆ ဦးအထိ အပြောင်းအလဲလုပ်

ဒီနေ့ည ဆီးဂိမ်းဘောလုံးပွဲ အုပ်စုနောက်ဆုံးပွဲကစားမယ့် မြန်မာယူ ၂၃ အသင်းမှာ ကစားသမား ၆ ယောက်အထိ အပြောင်းအလဲ လုပ်ထားတယ်လို့ ဘောလုံးအသင်း၊ ပြန်ကြားရေးအရာရှိ ဦးဇော်မင်းထိုက်က ပြောပါတယ်။ ဒီည ကမ္ဘောဒီးယားနဲ့ ကန်မယ့်ပွဲမှာ အရင်ကန်ခဲ့တဲ့ ၃ ပွဲနဲ့မတူ ကစားသမားအပြောင်းအလဲ လုပ်ထားတာဖြစ်ပြီး ပထမဦးစားပေး ကစားသမားတွေ ဆီမီးဖိုင်နယ်ပွဲအတွက် အနားပေးလိုတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။ “အဓိကကတော့ ဆီမီးဖိုင်နယ်အတွက် အနားပေးတာ၊ ဆီမီးဖိုင်နယ်မှာ ပိုပြီးလန်းဆန်းစေချင်တယ်၊ နောက်ပြီးတော့ ပွဲထွက်ခွင့် မရတဲ့ ကစားသမားတွေလည်း ပွဲထွက်ခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူ အပြာင်းအလဲ လုပ်တာပါ။” ဂိုး၊ နောက်တန်း ၁ ယောက်၊ အလယ်တန်း ၃ ယောက်နဲ့ ရှေတန်း ၁ ယောက် အပြောင်းအလဲ လုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး ကမ္ဘောဒီးယား ယူ၂၃ အသင်းနဲ့ မြန်မာ စံတော်ချိန် (၇း၀၀) နာရီ ဂျလန်ဘီဆာ ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ တစ်ဖက် အုပ်စုမှ ထိုင်းနှင့်ဗီယက်နမ် အသင်းတို့လည်း တစ်ချိန်တည်း ကစားကြမှာဖြစ်ပါတယ်။ မြန်မာအသင်း ပွဲထွက်မည့် လူစာရင်းမှာ ဂိုး- အောင်ဝေဖြိုး၊ နောက်တန်း- ကျော်ဇင်လွင်၊ ရဲဝင်းအောင်၊ ဖြိုးကိုကိုသိန်း၊ သိန်းနိုင်ဦး၊ အလယ်တန်း- အောင်ကျော်နိုင်၊ အောင်ရှိုးသာမောင်၊ ရဲကိုဦး၊ ဇွန်မိုးအောင်၊ ရှေ့တန်း - ရှိုင်းသူရ၊ သီဟဇော် တို့ ဖြစ်ပါတယ်။ မြန်မာယူ၂၃အသင်းဟာ အုပ်စုတွင်းပွဲတွေမှာ ၃ ပွဲကစား ၃ ပွဲအနိုင်ရထားပြီး ရမှတ် ၉ မှတ်နဲ့ ဆီမီးဖိုင်နယ်တက်ဖို့ သေချာနေတဲ့အသင်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up