A d v e r t i s e m e n t With Us

နယူးယောက် ထောင်ပြေး ၂ ဦးကိစ္စ အကျဉ်းဦးစီးဝန်ထမ်းများကို စစ်ဆေး

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ပြေး ၂ ဦးအား ရှာဖွေနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်ကနေ အကျဉ်းသား ၂ ဦး ထောင်ဖောက် လွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး အကျဉ်းထောင်ဝန်ထမ်းတွေကို ဇွန် ၉ ရက်နေ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။ ၂ ဦးလုံးဟာ လူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့သူတွေဖြစ်ပြီး တခြားလူတယောက်ယောက်ရဲ့ အကူအညီမပါဘဲ သူတို့ထောင်ကနေ ဖောက်မပြေးနိုင်ဘူးလို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဇွန် ၈ ရက်နေ့ ရုပ်သံတခုမှာ ပြောဆိုပါတယ်။ အကျဉ်းထောင်ပြုပြင်ထိန်းသိမ်းရေး ၀န်ထမ်းတွေနဲ့ ထောင်ဆောက်လုပ်ရေးဝန်ထမ်း အယောက် ၁၀၀ ကျော်ဟာ ဒီအကျဉ်းသား ၂ ဦးကို လုပ်ငန်းသုံးစက်ပစ္စည်းတွေ ပေးခဲ့ခြင်းရှိမရှိ၊ စစ်ဆေးမေးမြန်းခံနေရပါတယ်။ ထောင်ပြေး ၂ ယောက်မှာ တဦးက လူသတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း၊ နောက်တဦးကတော့ ထောင်ဒဏ် ၂၅ နှစ် ကျခံနေကြတာပါ။ ထောင်ခန်းရဲ့ အနောက်နံရံကို ဖောက်ပြီး မြေအောက်ပိုက်လိုင်းတွေ၊ လိုဏ်ခေါင်းတွေကို အဆင့်ဆင့်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ထောင်ဟာ ကနေဒါနယ်စပ်နဲ့ မိုင် ၂၀ ပဲ ကွာဝေးပါတယ်။ ဇွန် ၈ ရက်နေ့ကတော့ ထောင်ပြေးတဦးနဲ့ နီးစပ်တဲ့ ထောင်ဝန်ထမ်းအမျိုးသမီးတဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး အလုပ် ဖြုတ်လိုက်ပါတယ်။ ဒီကလင်တန်အကျဉ်းထောင်သက်တမ်းဟာ နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်လို့ ထောင်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေလည်း မကြာခဏလုပ်နေရကြောင်း၊ အဲ့ဒီကနေပဲ ထောင်ဖောက်ပြေးဖို့ စက်ကိရိယာပစ္စည်းတွေ ရရှိတာဖြစ်နိုင်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ထောင်ပြေး ၂ ဦးကို ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူကိုလည်း အမေရိကန်ဒေါ်လာ ၁ သိန်းပေးဖို့ ပြည်နယ်အစိုးရက ဆုငွေထုတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up