လူမည်းမိန်းကလေးကို အင်အားသုံးချုပ်နှောင်မှု အမေရိကန်တွင် ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
2K
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ အမေရိကန်လူမည်းမိန်းကလေးငယ်တဦး အင်အားသုံး ချုပ်နှောင်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တဦးကို ဖြုတ်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဇွန် ၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ရေကူးကန်ပါတီတခုမှာ ရုန်းရင်းဆန်ခတ်မှုတခုကို ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းစဉ်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။
လောလောဆယ်တော့ အင်အားသုံးခဲ့တဲ့ မက်ကင်နီမြို့နယ်ရဲဌာနက ရဲတပ်ဖွဲ့ဝင်ကတော့ သူကိုင်တွယ်ခဲ့ပုံနဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းခံရပြီးနောက် ဇွန် ၉ ရက်နေ့မှာ တာဝန်က နုတ်ထွက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်ရဲတပ်ဖွဲ့ဝင်တွေက အမေရိကန်လူမည်းလူငယ်တွေပေါ် ဖိနှိပ်ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက အကြီးအကျယ်ပြစ်တင်ဝေဖန်မှုတွေဖြစ်နေချိန်မှာ အခုဖြစ်ရပ်က နောက်ဆုံးဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်လူဖြူရဲတပ်ဖွဲ့ဝင်တွေဟာ အမေရိကန်လူမည်းနဲ့ လူနည်းစုတွေအပေါ်မှာ မလိုအပ်ဘဲ အင်အားအလွန်အကျွံသုံးစွဲကြောင်း၊ တခါတရံမှာ သေဆုံးမှုတွေတောင်ရှိတယ်ဆိုပြီး လူနည်းစုအခွင့်အရေးလှုပ်ရှားသူတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။
ဓာတ်ပုံ - ရိုက်တာ


