ကိုပါအမေရိကားဖလား ဇွန် ၁၁ ရက် စတင်ယှဉ်ပြိုင်မည်

ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကိုပါအမေရိကားဖလား ၂၀၁၅ ဘောလုံး ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ အုပ်စုပွဲစဉ်တွေ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ကိုပါ အမေရိကားဖလားပြိုင်ပွဲမှာ အုပ်စု ၃ ခု ပါဝင်နေပြီး အုပ်စုတခုချင်းစီမှာ အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အုပ်စု (အေ) မှာ ချီလီ၊ မက္ကဆီကို၊ အက်ကွေဒေါနဲ့ ဘိုလီးဗီးယား၊ အုပ်စု (ဘီ) မှာ အာဂျင်တီးနား၊ ဥရုဂွး၊ ပါရာဂွေးနဲ့ ဂျမေကာ၊ အုပ်စု (စီ) မှာ ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူးနဲ့ ဗင်နီဇွဲလား အသင်းတွေ ပါဝင်ပါတယ်။
အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ဇွန် ၁၁ ရက်နေ့မှာ ချီလီနဲ့ အက်ကွေဒေါတို့ ယှဉ်ပြိုင်ရမှာပါ။ အုပ်စု ၃ ခုက အမှတ်အများဆုံးရတဲ့ ၆ သင်းနဲ့ အကောင်းဆုံး တတိယရတဲ့ ၂ သင်းတို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။
ကိုပါဖလား ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၄ ရက်နေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကိုပါပြိုင်ပွဲမှာ ဥရုဂွေးက ချန်ပီယံ ၁၅ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး အာဂျင်တီးနားက ချန်ပီယံ ၁၄ ကြိမ်နဲ့ ဒုတိယ၊ ဘရာဇီးက ချန်ပီယံ ၈ ကြိမ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။