ဒဂုံစီးတီးစီမံကိန်း ပြန်သုံးသပ်ရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်မည်
ပိုင်စိုး
·
June 10, 2015
ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးစီမံကိန်းကို အစိုးရက ပြန်သုံးသပ်ပေးဖို့ အဆိုတခု ပြည်သူ့လွှတ်တော်မှာ တင်သွင်းခွင့်ရလိုက်ပါတယ်။
စစ်ရုံးချုပ်နေရာဟောင်းမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်စိုးရိမ်တာတွေ ရှိနေတဲ့အပေါ် အရေးကြီးအဆိုတင်ဖို့ ကြိုးစားခဲ့ပေမယ့် သာမန်အဆိုတခုအနေနဲ့ပဲ တင်ခွင့်ရခဲ့တာပါ။
“ကျမ ပြည်ထောင်စုလွှတ်တော် နာယကြီးနဲ့တွေ့ပြီး အရေးကြီးအဆို တင်ခွင့်တောင်းခဲ့ပေမယ့် ပြည်သူ့လွှတ်တော်မှာပဲ သာမန်အဆိုအနေနဲ့ တင်ဖို့ ပြောပါတယ်။ အဲဆိုရင်လည်း ဒီလွှတ်တော်သက်တမ်းအတွင်းမှာ တင်ချင်တယ်ပြောတော့ ဒီတပတ်နှစ်ပတ်အတွင်း ဖြေကြားပေးမယ့် ၀န်ကြီးဌာနတွေ အဆင်သင့်ဖြစ်ရင် ဖြေပေးပါမယ်။ သာမန်အဆိုအနေနဲ့ပဲတင်ပါလို့ ပြောပါတယ်။” လို့ အဆိုတင်သွင်းမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ဒဂုံစီးတီးစီမံကိန်းရပ်ဆိုင်းထားဖို့ အဆိုတခုကို ဇွန်လ ၉ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ပြီး ရန်ကုန်တိုင်း စီးပွားရေးနဲ့ စီမံကိန်းဝန်ကြီးက ကန့်ကွက်ခဲ့ပါတယ်။
ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲရာမှာလည်း ထောက်ခံသူနည်းတဲ့အတွက် ဆက်လက်ဆွေးနွေးဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။