ယီမင်သမ္မတဟောင်း၏သားဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ

ဓာတ်ပုံ - ရိုက်တာ
3.4K
ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း တိုက်လေယာဉ်တစီးက ယီမင်မြို့တော် စာနာမှာရှိတဲ့ သမ္မတဟောင်း အလီအဗ်ဒူ ဆာလေးရဲ့သား အာမဒ် အလီဆာလေးရဲ့ နိုင်ငံရေးဌာနချုပ်ကို ဇွန် ၈ ရက်နေ့မှာ ဗုံးကြဲခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း လူနေအိမ်တချို့လည်း ပျက်စီးပြီး ကလေးတွေ အပါအဝင် အရပ်သားတွေ အတော်များများ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူအများအပြားကို ဆေးရုံတင်ထားရတယ်၊ ဒီရန်လိုမှုကို ရှုတ်ချတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ဌာနချုပ်ဟာ သမ္မတဟောင်း ဆာလေးရဲ့အထွေထွေ ပြည်သူ့ကွန်ဂရက်စ်ပါတီ အမြဲတမ်း အခြေစိုက်စခန်းလည်း ဖြစ်သလို ဟူသီသူပုန်တွေနဲ့အတူ လတ်တလော တိုက်ခိုက်နေတဲ့ သူ့သား အာမဒ်ရဲ့ အမိန့်ပေးဌာနလည်း ဖြစ်ပါတယ်။
အရင်နေ့ကလည်း စာနာမြို့လယ်က ယီမင်စစ်တပ်ရဲ့ အဓိကဌာနချုပ်ကို ဆော်ဒီဂျက်လေယာဉ်တွေက လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၄၄ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်၊ အနားက လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဟူသီတွေ ထိန်းချုပ်ထားတဲ့ အစိုးရသတင်းဌာန စာဘာက အစီရင်ခံပါတယ်။
ပြည်ပြေး ယီမင်သမ္မတဟောင်း အဘ်ဒယ် ရာဘူ မန်ဆူးလ် ဟာဒီကို ရာထူးပြန်အပ်နိုင်ဖို့ ဆော်ဒီခေါင်းဆောင်တဲ့ တပ်တွေက ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်တွေကို မတ်လ ၂၆ ရက်နေ့တည်းက တိုက်နေခဲ့တာပါ။
တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် ဇွန် ၁၄ ရက်နေ့ ဂျီနီဗာမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြည်ပြေးအစိုးရရော ဟူသီသူပုန်တွေပါ တက်ဖို့ သဘောတူထားပါတယ်။
ပြည်ပြေးသမ္မတနဲ့ အစိုးရကို လက်ခံထားတဲ့ ဆော်ဒီအာရေဗျကတော့ ဘယ်ဆွေးနွေးပွဲမဆို ဟူသီတွေနဲ့ သမ္မတဟောင်းကို သစ္စာခံတဲ့ တပ်တွေက လက်နက်ကြီးတွေ ပြန်အပ်ပြီး အညံ့ခံရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဗဟိုထားရမယ်လို့ အခိုင်အမာ ပြောပါတယ်။
ဟူသီတွေကတော့ ဆွေးနွေးပွဲအားလုံးကို ကန့်သတ်ချက် မပါဘဲ ဆွေးနွေးရမယ်လို့ ပြောထားပါတယ်။