ဖလား ၃ လုံး ဆွတ်ခူးခဲ့သည့် ဘာစီလိုနာ အောင်ပွဲခံ

ဓာတ်ပုံ -ရိုက်တာ
2.6K
စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့ ဖလား ၃ လုံးနဲ့ အောင်ပွဲခံတဲ့ အခမ်းအနားကို နူးကမ့်ဘောလုံးကွင်းကြီးမှာ ဇွန် ၇ ရက်နေ့က ပြုလုပ်သွားခဲ့ပါတယ်။
ဘာစီလိုနာရဲ့ ချန်ပီယံဆုတွေနဲ့ အောင်ပွဲခံတဲ့ အခမ်းအနားကို ပရိသတ် ထောင်ပေါင်များစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
နည်းပြ လူးဝစ် ဟင်နရီကေးရဲ့ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အဓိကကျတဲ့ ဆုဖလားတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊ စပိန်လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတွေကို အသီးသီး ဆွတ်ခူးထားပါတယ်။
နည်းပြ ဟင်နရီကေးဟာ ဘာစီလိုနာကိုရောက်တဲ့ ပထမရာသီမှာ ဖလား ၃ လုံး ရယူနိုင်တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူထားပါတယ်။
အောင်ပွဲခံတဲ့ အခမ်းအနားမှာ ကစားသမားတွေက ပရိသတ်တွေကို နှုတ်ခွန်းဆက် စကားတွေ ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာရဲ့ ၃ ယောက် တိုက်စစ်အတွဲဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ဆွာရက်တို့က ဒီနှစ်ရာသီ ပြိုင်ပွဲတွေ အားလုံးကနေ ဂိုးပေါင်း ၁၂၂ ဂိုး သွင်းပေးထားပါတယ်။
အောင်ပွဲခံတဲ့ အခမ်းအနားမှာ အသင်းကနေ ထွက်တော့မယ့် ၀ါရင့် ကွင်းလယ်သမား ဇာဘီနဲ့ စာချုပ်သစ် မချုပ်နိုင်သေးတဲ့ ညာနောက်ခံလူ အဲဗက်စ်တို့လည်း နှုတ်ဆက်စကားတွေ အသီးသီး ပြောဆိုသွားပါတယ်။
ဓာတ်ပုံ - ရိုက်တာ