ပစိဖိတ်သမုဒ္ဒရာကို လှေလှော်ဖြတ်သန်းမည့် အမျိုးသမီး (ရုပ်သံ)

ပစိဖိတ်သမုဒ္ဒရာ မိုင် ၆၀၀၀ ကျော် အကွာအဝေးကို အမျိုးသမီးတဦးတည်း လှေလှော်ဖြတ်သန်းမယ့် ခရီးစဉ်ကို ဇွန် ၇ ရက်နေ့က ဂျပန်နိုင်ငံကနေ စတင်လိုက်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော်အရှေ့ဘက်က ချိုရှီ မာရီနာ ဆိပ်ကမ်းကနေ ထွက်ခွာပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့အထိ အချိန် ၄ လ ကနေ ၆ လအထိ ကြာမြင့်မှာဖြစ်ပါတယ်။
တကိုယ်တော်လှေလှော်မယ့် အသက် ၃၀ အရွယ် ဆိုနီယာဘန်းစတိုင်းက သူ့ရဲ့ ခရီးစဉ်အတွက် ယုံကြည်မှုအပြည့် ရှိနေပါတယ်။
ဒီပစိဖိတ်သမုဒ္ဒရာကို တဦးတည်း လှေလှော်ဖြတ်သန်းတဲ့ ကြိုးစားမှု ၁၆ ကြိမ်ရှိခဲ့ပေမယ့် အမျိုးသမီးတဦးအနေနဲ့ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။
ဒီ ၁၆ ကြိမ်မှာ အမျိုးသား ၂ ဦးပဲ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ပြီး ၂ ဦးလုံးဟာလည်း ပြင်သစ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
ဆိုနီယာဘန်းစတိုင်းက ၂၃ ပေ အရှည်ရှိတဲ့ သူရဲ့လှေကို စိတ်ကြိုက်ဆင်ထားပြီး မော်တာနဲ့ ရွက်မပါပါဘူး။
လှေအလေးချိန် ၃၅၀ ကီလိုရှိပြီး လမ်းမှာစားဖို့ ကုန်ခြောက် ကီလို ၅၀၀ ကျော် သယ်ဆောင်သွားမှာပါ။
ဆိုနီယာဟာ ၀ါရှင်တန်ပြည်နယ်ကဖြစ်ပြီး အရင်က ၀က်ကွန်ဆန် မာဒီဆန် တက္ကသိုယ် လှေလှော်အသင်းသူတဦးလည်း ဖြစ်ပြီး သူနဲ့အတူ ဂြိုဟ်တုဖုန်း၊ ဂျီပီအက်စ်နဲ့ အရေးပေါ် ရေကြောင်းအချက်ပြ ကိရိယာတွေ ယူဆောင်သွားမယ့်အပြင် သူ့ကို ကုန်းပေါ်ကနေ ကူညီထောက်ပံ့ပေးမယ့်အဖွဲ့ပဲ ထားရှိပါတယ်။
၁ ရက်ကို ၁၆ နာရီ တဦးတည်း လှော်ခတ်သွားမှာဖြစ်ပြီး စက်လှေနဲ့ အနီးကပ် လိုက်ပါသွားမယ့်အဖွဲ့လည်း ထားရှိမှာ မဟုတ်ပါဘူး။