ခိုးယူလာသည့် မြေထိုးစက်ဖြင့် အိမ်နှင့် ကားများကို ထိုးကော်ဖျက်ဆီးသူကို သြစတေးလျရဲ ဖမ်းဆီး (ရုပ်သံ)

1.9K
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်မှာ ခိုးယူလာတဲ့ မြေထိုးစက်နဲ့ သူများအိမ်တွေနဲ့ ကားတွေကို ထိုးကော်ဖျက်ဆီးခဲ့တဲ့ လူတဦးဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
နယူးဆောက်ဝေး ပြည်နယ် နယူးကယ်ဆယ်မြို့ အိမ်တလုံးနဲ့ ကား ၄ စီးကို ဖျက်ဆီးခဲ့တာပါ။
အိမ်အဖျက်ဆီးခံရတဲ့ အသက် ၅၆ နှစ်အရွယ် ဒီဘိုရာခ်ျ ကယ်ရ်(Deborah Kerr)နဲ့ သမီး ၂ ဦးက အစကတော့ သူတို့အိမ်ကို အမှိုက်ကား လာတယ်လို့ ထင်ခဲ့တာလို့ ဒေသခံ ရုပ်သံသတင်းဌာနတခုကို ပြောဆိုပါတယ်။ နောက်တော့ အိမ်ကို ဘူဒိုဇာနဲ့ ထိုးကော်ဖျက်ဆီးနေမှန်းသိရှိခဲ့ပြီး ကိုယ်လွတ်ထွက်ပြေးခဲ့ကြရတယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့သူဟာ နောက်ထပ်လည်း လူတယောက် အိပ်နေတဲ့ ပန်းခြံထဲက တဲတတဲဆီလည်း မောင်း သွားခဲ့ပါသေးတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အသက် ၄၈ နှစ်အရွယ် ဘူဒိုဇာမောင်းသူကို ရဲက ဖမ်းဆီးလိုက်ပြီး လူသတ်ဖို့ ကြိုးစားမှုနဲ့ သူတပါးပစ္စည်း ဖျက်ဆီးမှုအပါအ၀င် စုစုပေါင်း ၁၁ မှုနဲ့ စွဲချက်တင်ထားတယ်လို့ ဒေသခံရဲဌာနက ထုတ်ပြန်ပါတယ်။
သူ ဘယ်လိုရည်ရွယ်ချက်နဲ့ သူမျာပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အိမ်ထဲမှာ လူတွေရှိနေတာ သိသိကြီးနဲ့ ဖျက်ဆီးခဲ့တယ်လို့ ရဲက ပြောဆိုပါတယ်။