Home
မြန်မာသတင်း
မောင်တောတွင် သေနတ်ထိမှန်သူ ၂ ဦး ဆေးရုံတက်ရောက်
အေးနိုင်
·
June 8, 2015
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ပေါ်ရပ်ကွက်တခုမှာ ဇွန်လ ၇ ရက်ညက သေနတ်နဲ့ ပစ်ခတ်လို့ လူ ၂ ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။ အမှတ် ၁ ရပ်ကွက်မှာ မနေ့ညက ဆိုင်ကယ်စီးနင်းတဲ့လူရွယ်ကို သေနတ်နဲ့ ပစ်ခတ်လို့  လည်ပင်းမှာ ထိမှန်ဒဏ်ရာရပြီး မောင်တောဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့  ဒေသခံ တယောက်က ပြောပါတယ်။ သေနတ်သမားက ပစ်ခတ်မှုဧရိယာ အနီးဝန်းကျင်မှာ ရှိနေတဲ့ အမျိုးသမီးငယ်တဦး ကိုလည်း ပစ်ခတ်တာကြောင့် ဒဏ်ရာရတယ်လို့သာ သိရပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး။ သေနတ်ထိမှန်တဲ့ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ခန့်ရှိ ဂျန်နယာလွန်းဆိုသူ  ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာဟာ မောင်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးရဲ့ အနောက်ဘက်အရပ်မှာလို့ ဆိုပါတယ်။ ဒေသခံက “ဒီကောင်လေးက ဆိုင်ကယ်နဲ့ထွက်လာတာ သူ့အိမ်ရှေု့မှာပဲ သေနတ်နဲ့ ပစ်ခံရတာတဲ့။ မနေ့ည ၈ နာရီ ၄၀ လောက်မှာဖြစ်တာ။ ဒဏ်ရာအခြေအနေက အသက်တော့ရှိတယ်။ လည်ပင်းကိုထိတော့ သူ စကားပြောလို့ မရသေးဘူးတဲ့။   ကာယကံရှင်နားမှာ မိန်းကလေးတယောက် ရှိခဲ့တယ်ပေါ့။ အဲဒီကောင်မလေးကိုလည်း သေနတ်နဲ့ပစ်တာ။ မှောင်နေတယ်ဆိုတော့ မီးမရှိတော့ ဘယ်သူဘယ်ဝါဆိုတာ မှတ်လို့မရဘူးပေါ့။ ကောလာဟလကတော့ သူက မူးယစ်ဆေးဝါးလုပ်တယ်လို့ ကြားပါတယ်။” လို့ ပြောပါတယ်။ ပစ်ခတ်သူ လက်သည်ကိုတော့ ဖမ်းဆီးရမိတဲ့သတင်း မကြားသိရသေးဘူးလို့ ဆိုပါတယ်။ မောင်တောမြို့ခံ နောက်တဦးကလည်း ဒီပစ်ခတ်မှုကို အတည်ပြု ပြောဆိုပါတယ်။ သူက “မနေ့ည ကိုးနာရီလောက်မှာ သူ အိမ်ထဲကိုဝင်တာတဲ့။ ဒီကောင်တွေက ဟိုဟာလေ ဆေးသမားတွေ၊ ဒဗလျူဝိုင်သမားတွေ၊ အချင်းချင်းတွေ၊ ငွေအပေးအယူတွေ ဟိုဟာ နည်းနည်း ငြိကြတယ်ထင်တယ်။ သူက ဆိုင်ကယ်နဲ့  အိမ်ကိုအ၀င်မှာ ဟိုက ၂ ယောက်လာပြီးမှ တူမီး (လက်လုပ်သေနတ်) နဲ့ထင်တယ် ပစ်တာ။ အဲဒီကောင်လေးမှာ ထိတယ်။ နောက် မိန်းကလေးတယောက်မှာလည်း ထိသွားတယ်။ အခု နှစ်ယောက်စလုံး ဆေးရုံတက်နေရတယ်။” လို့ ပြောပါတယ်။ ဒေသခံတွေအကြားမှာ ဒီဖြစ်စဉ်ဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ရာဇ၀တ်မှုအဖြစ် ပြောဆိုနေကြပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုချက် ပေးနိုင်ခြင်း မရှိပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ မောင်တောမြို့နယ် ရဲစခန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024