Home
မေးမြန်းခန်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ် ပြည်သူအများစုအသံကို ကိုယ်စားပြုသင့်တယ် - ဒေါက်တာရန်မျိုးသိမ်း
အေးနိုင်
·
June 8, 2015
တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက်အထိ ကြာမြင့်မယ့် ခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီကီချန်တို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ၊ အမေရိကနဲ့ အာရှနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ခုမှ တရုတ်နိုင်ငံခရီးစဉ် ထွက်ပေါ်လာတာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းကို မေးမြန်းထားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပေါ် သုံးသပ်ပြပါလား။ “ဒီ ၂၀၁၅ ပေါ့ ရွေးကောက်ပွဲနှစ်လည်းဖြစ်တယ်။ လက်ရှိအချိန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကလည်းပဲ အဖုအထစ်အချို့ ရှိနေတဲ့ အခြေအနေဖြစ်တယ်။ နောက်ပြီးတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကလည်းပဲ မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်ကာဖြစ်တယ်။ တရုတ်နိုင်ငံနယ်စပ်မှာ မြန်မာ့တပ်မတော်ကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထဲကို ကျည်ဆံတွေ ကျရောက်ပြီးတော့ တရုတ်နိုင်ငံသားအချို့ သေဆုံးမှုတွေ ဖြစ်တဲ့နှစ်လည်းဖြစ်တယ်။ အဲဒီတော့ ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးသမိုင်းမှာ စိန်ခေါ်မှုတွေ များတဲ့နှစ်လို့ ပြောလို့ရတယ်။ အဲဒီလို စိန်ခေါ်မှုတွေ များတဲ့နှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက်ကို အရေးပါတဲ့ ခရီးစဉ်တခုလို့ ကျနော်ကတော့ မြင်တယ်ဗျ။” ထင်ပေါ်ကျော်ကြားပြီး လူထုထောက်ခံမှုရနေတဲ့ ခေါင်းဆောင်ရဲ့ တရုတ်ပြည်ခရီးစဉ်ကနေ ဘာတွေ မျှော်လင့်လို့ ရနိုင်လဲ။ “ကျနော်စဉ်းစားမိသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ မြန်မာပြည်သူလူထု အများစုကို ကိုယ်စားပြုတဲ့ပေါ့လေ၊ မြန်မာပြည်သူလူထု အများစုရဲ့အသံကို ကိုယ်စားပြုတဲ့ ခရီးစဉ် ဖြစ်သင့်တယ်လို့ မြင်တယ်။ တဖက်က ကြည့်မယ်ဆိုရင်လည်း လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်တွေ၊ ယုံကြည်မှု၊ နားလည်မှု လျော့ရဲမှုတွေ ဖြစ်နေတဲ့ အနေအထားမှာ ဒီအခြေအနေတွေကို အတိုင်းအတာတခုအထိ ပြန်တည့်မတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က အရေးကြီးနိုင်သလို၊ ဥပမာအားဖြင့်ပေါ့ ကျနော်တို့ မြစ်ဆုံရေကာတာ စီမံကိန်းလို၊ နောက်ပြီးတော့ တရုတ်နိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို မျက်နှာမူတဲ့၊ ပြည်သူလူထုကို အကျိုးပြုတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ဖြစ်လာဖို့ ဒီလိုအကြောင်းအရာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခရီးစဉ်အတွင်းမှာ တရုတ်အစိုးရနဲ့ တရုတ်ပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မယ်လို့ ထင်တယ်။ တနည်းအားဖြင့်တော့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမူဝါဒဟာ အစိုးရ - အစိုးရချင်း ဆက်ဆံရေး၊ ပါတီ - ပါတီချင်း ဆက်ဆံရေးထက် ပြည်သူလူထုချင်း ဆက်ဆံရေးဘက်ကို ပိုပြီးဇောင်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ စိန်ခေါ်မှုကြီးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ခေါင်းဆောင်တွေကို အသိပေးဖို့ လိုအပ်မယ်လို့ မြင်တယ်။” ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိတယ်။ ဆိုတော့ စူပါ ပါဝါအဆင့်ကို တက်လှမ်းနေတဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့အကျိုးစီးပွားအတွက် ဒီခရီးစဉ်အတွင်း  ညှိနှိုင်းမှုတွေ ရှိမလား။ “ကျနော့်အမြင်ကတော့လေ တရုတ်ပြည်သူ့သမ္မတနိုင်ငံရော၊ အမေရိကန်ပြည်ထောင်စုရော အနောက်နိုင်ငံတွေအားလုံးက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ သူတို့နိုင်ငံတွေရဲ့ အမျိုးသား အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တယ်လို့ မြင်တယ်။ အဲဒီအခါကျတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟာလည်းပဲ မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်တဲ့၊ လူကြိုက်များတဲ့ ခေါင်းဆောင်တယောက်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်မှာပေါ့လေ တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်နိုင်မယ့်၊ ရှေ့တန်းတင်နိုင်မယ့် ခြေလှမ်းမျိုးတွေကို လှမ်းလာနိုင်တယ်လို့ မြင်တယ်။ တချိန်တည်းမှာ လူထုခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်မယ့် မြစ်ဆုံရေကာတာစီမံကိန်းလိုမျိုး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလိုမျိုး၊ ဒီစီမံကိန်းကြီးတွေရဲ့ မြန်မာပြည်သူလူထုနဲ့ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နိုင်တဲ့ အနေအထားတွေကို တရုတ်အစိုးရနဲ့ တရုတ်ပါတီ ခေါင်းဆောင်တွေ သိရှိအောင် ဆွေးနွေးပြောကြားနိုင်မယ်ဆိုရင် အမျိုးသားအကျိုးစီးပွားချင်းလည်းပဲ ဖလှယ်တဲ့သဘော သက်ရောက်တယ်လို့ ကျနော်မြင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဘာတွေ ဖြည့်စွက်ပြောစရာ ရှိမလဲ။ “ဒီခရီးစဉ်ကနေပြီးတော့ အနိမ့်ဆုံးပေါ့လေ တရုတ်အစိုးရနဲ့ တရုတ်ပါတီခေါင်းဆောင်တွေဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန်၊ နောက် မြန်မာပြည်သူလူထုရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ သဘောထားအမှန်၊ နောက်ပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ မဖြစ်မနေ ထိန်းသိမ်းရမယ့် ပြဿ နာတွေကို ဆွေးနွေးနိုင်မယ်လို့ မြင်တယ်ခင်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024