Live
Home
မြန်မာသတင်း
အစိုးရတပ်နှင့် ၀တပ်ဖွဲ့အကြားတင်းမာမှု ညှိနှိုင်းနေ
DVB
·
June 8, 2015
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ကို ၀ တပ်ဖွဲ့က ဇွန် ၃ ရက်နေ့ကစပြီး ၀ိုင်းထားမှု အနေအထားကို ညှိနှိုင်းနေဆဲပဲလို့ ၀ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။ ၀ဒေသတွင်း သစ်ထုတ်တာကို လာရောက်ဖမ်းဆီးတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်ကို ၀တပ်ဖွဲ့အင်အား ၂၀၀ လောက်က ၀ိုင်းထားတာဖြစ်ပြီး လက်ရှိအနေအထားမှာ တင်းမာမှု အနည်းငယ်လျော့သွားပေမယ့် ညှိနှိုင်းဆဲအခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ “အခုက အခြေအနေ နည်းနည်းလေးတော့ တည်ငြိမ်လာတယ်။ ဒါပေမယ့် နောက်ဆုံးအခြေ အနေလေးတော့ မပြောနိုင်သေးဘူး။ ဒီကိစ္စကို ကျနော်တို့ မနေ့ကနဲ့ ဒီကနေ့မနက် သမ္မတကြီးဆီလည်း သဘောထားတင်ပြထားတာရှိတယ်။ ဦးသိန်းဇော်ဆီကနေ တဆင့်ပေါ့။ သမ္မတဆီကလည်း ၂ ကြိမ်ညွန်ကြားချက်ပေးလာတယ်။ ကျနော်တို့ကလည်း လက်ခံပါတယ်။ သမ္မတကြီးကိုယ်တိုင် ကာချုပ်ဆီဖုန်းဆက်ပြီးတော့ ဆွေးနွေးပါတယ်ညှိပါတယ်။ တပ်ဖက် တြိဂံ တိုင်းမှူးနဲ့လည်း ကျနော် ၃ ကြိမ်ရှိပြီ။ မနေ့က၊ တနေ့ကနဲ့ ဒီမနက် ဖုန်းနဲ့ ဆက်သွယ်ညှိနှိုင်းကြ တာပေါ့။ ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့လည်း သူအရင်ဆုတ်၊ ကိုယ်အရင်ဆုတ်ကိစ္စလေး တွေပေါ့”လို့ ပြောပါတယ်။ ဇွန်လ ၁ ရက်က ၀တပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ၀ဒေသတွင်း သစ်ထုတ်နေသူတွေကို အစိုးရတပ်က လာရောက်ဖမ်းဆီးရာက ပြဿ နာစတင်ခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ အစိုးရတပ်ကို ၀တပ်ဖွဲ့က ၀ိုင်းပြီးပိတ်ဆို့ထားတဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က တစုံတရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရနဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024