တောင်ကိုရီးယားတွင် မားစ်ရောဂါ သံသယရှိသူများ၏ ဆဲလ်ဖုန်းကို စောင့်ကြည့်မည်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားမှာ မားစ် (MERS) အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ နည်းလမ်းတခုအဖြစ် ရောဂါသံသယနဲ့ ခြေချုပ်ချထား ခံရသူတွေရဲ့ တယ်လီဖုန်း ပြောဆိုတာတွေကို စောင့်ကြည့်သွားမယ်လို့ အစိုးရက ဇွန် ၇ ရက်နေ့က ကြေညာပါတယ်။ ဒီနည်းလမ်းကိုသုံးပြီး သက်ဆိုင်သူတွေရဲ့ ဆွေမျိုးသားချင်းတွေ၊ အိမ်နီးချင်းတွေ ရောဂါမကူးစက်အောင် တားဆီးတာဖြစ်လို့ နားလည်မှုပေးဖို့လည်း ဒု-၀န်ကြီးချုပ် ချွိုင့်ကျောင်ဟွမ် (Choi Kyung-hwan) က သတင်းစာရှင်းလင်းပွဲမှာ မေတ္တာရပ်ခံပါတယ်။ အရင်လတုန်းက ရောဂါခြေချုပ်နဲ့ အိမ်မှာနေတဲ့ တောင်ကိုရီးယား အမျိုးသားတယောက်ဟာ ဟောင်ကောင်ကို လေကြောင်းလိုင်းနဲ့ သွားခဲ့ပြီး တရုတ်ပြည်မကြီးကို အ၀င်မှာ မားစ်ရောဂါလက္ခဏာ ရှိနေတာကို စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ ရောဂါကူးစက်မှုအကြောင်းကို ပွင့်ပွင့်လင်းလင်း မရှိတဲ့အတွက် ဝေဖန်ခံနေရတဲ့ အစိုးရဟာ ဇွန် ၇ ရက်နေ့မှာ မားစ်ရောဂါကူးစက်တဲ့ ဆေးရုံတွေနဲ့၊ မားစ်လူနာတွေ တက်ကုဖူးတဲ့ ဆေးရုံ ၂၄ ခုရဲ့ အမည်ကို ကြေညာပါတယ်။ ရောဂါကြောင့် သေဆုံးသူ ၅ ယောက် ရှိသွားပြီး ကူးစက်သူ ၆၄ ယောက် ရှိသွားပြီလို့လည်း အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ထပ် ကူးစက်သူ ၁၄ ယောက် ထပ်တွေ့ရတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသ အပြင်ဘက်က တောင်ကိုရီးယားနိုင်ငံဟာ ရောဂါကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ လူပေါင်း ၂၀၀၀ ကိုလည်း ရောဂါသံသယနဲ့ ထိန်းသိမ်း စောင့်ကြည့်နေပါတယ်။ တောင်ကိုရီးယားမှာ မေ ၂၀ ရက်နေ့က မားစ်ရောဂါကို စတင်တွေ့ရှိခဲ့ပြီး ပြည်သူတွေကြားမှာ စိုးရိမ်နေတာကြောင့် အရင်တပတ်က ကျောင်းပေါင်း ၁ ထောင်ကျော်ကို ပိတ်လိုက်သလို နိုင်ငံခြားသားခရီးသွား ထောင်နဲ့ချီပြီး တောင်ကိုရီးယား ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြပါတယ်။ ဇွန် ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ  ဒု-၀န်ကြီးချုပ်က လက်ရှိ မားစ်ရောဂါကူးစက်တဲ့ ပုံစံဟာ ဆေးရုံတွေကတဆင့် ကူးစက်တဲ့ ပုံစံမျိုးဖြစ်ပြီး လူ့အသိုင်းအ၀ိုင်းတခုကနေ နောက်တခုကို ကူးစက်တဲ့ပုံစံမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ ပြည်သူတွေအနေနဲ့ အစိုးရိမ် မလွန်ကြဖို့လည်း အသိပေးလိုက်ပါတယ်။  လောလောဆယ်မှာ လူကနေလူကို ကူးစက်တဲ့ အခြေအနေမျိုး မဟုတ်ပေမယ့် အဆိုးဆုံး အခြေအနေမှာ ဗိုင်းရပ်စ်ဗီဇပြောင်းလဲပြီး ကူးစက်နှုန်း မြန်သွားမှာကိုလည်း ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ ၂၀၀၂-၂၀၀၃ လောက်က အခု မားစ်နဲ့ အမျိုးတူ  ဆားစ်(SARS) ရောဂါကြောင့် ကမ္ဘာ့တ၀ှမ်းမှာ လူ ၈၀၀ ၀န်းကျင် သေဆုံးခဲ့ဖူးပါတယ်။ မားစ်ရောဂါကတော့ အခုနောက်ဆုံး တောင်ကိုရီးယားက လူနာတွေ အပါအ၀င် တကမ္ဘာလုံးမှာ လူ ၁၂၀၈ ကူးစက်ခဲ့ပြီး ၄၄၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up