Home
မြန်မာသတင်း
စားသုံးသူ အကာအကွယ်ပေးရေး လူထု မပါဝင်နိုင်မှု အခက်အခဲဖြစ်ဟုဆို
ပိုင်စိုး
·
June 6, 2015
စားသုံးသူ အကာအကွယ်ပေးရေးအတွက် လူထုအားလုံး မပါဝင်နိုင်သေးတာက အခက်အခဲ ဖြစ်တယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာန စီးပွားကူးသန်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောပါတယ်။ ဇွန်လ ၅ ရက်နေ့ နေပြည်တော်က ၀န်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းတာကို ပြန်လည်ဖြေဆိုခဲ့တာပါ။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းပြီးတဲ့နောက် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူတွေကို အကာအကွယ်ပေးဖို့ ဆောင်ရွက်နေတာပါ။ ဦးခင်ဇော်က "ကျနော်တို့ ဘာတွေ လုပ်နေသလဲ ဆိုတော့ စားသုံးသူကာကွယ်ရေး ဥပဒေမှာ ပါတဲ့အတိုင်း တိတိကျကျ ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်။ ပြည်နယ်နဲ့တိုင်း အသီးသီးမှာ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့တွေကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်း အသီးသီးမှာ ရှိတဲ့ စီမံ စီးပွားဝန်ကြီးတွေကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ခဲ့ပါတယ်။ အဲဒီလက်အောက်မှာ စားသုံးသူ တိုင်တန်းမှုတွေကို လက်ခံမယ့် ကော်မတီတရပ်ကို ဖွဲ့စည်းပြီး ထုတ်ကုန်များ လုံခြုံစိတ်ချရမှု လုပ်ငန်းတွေကိုလည်း လုပ်နေပါပြီ'' လို့ ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ် စံချိန်စံညွှန်းတွေအတိုင်း ရောင်းချဖို့ တာဝန်ရှိပြီး ဥပဒေပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ခဲ့ရင် ငွေကျပ် သိန်း ၅၀ နဲ့ ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး စားသူတွေအနေနဲ့ နစ်နာကြေးကိုတော့ တရားမကြောင်းအရ တရားစွဲဆို တောင်းခံနိုင်မှာ ဖြစ်ပါတယ်။ ဦးခင်ဇော်က "အခက်အခဲကတော့ တခုပဲ ရှိပါတယ်။ ၅၁.၄၉ သန်းသော ပြည်သူတွေဟာ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ အခက်အခဲလေးပဲ ရှိပါတယ်။ ဘာလို့ အဲလို ပြောရသလဲဆိုတော့ အစိုးရအဖွဲ့ ကလည်း နည်းနည်းလေး၊ ပြည်နယ်တိုင်းတွေမှာ ရှိတဲ့ အဖွဲ့တွေကလည်း နည်းနည်းလေး။ အဲဒါကြောင့်ပါ '' လို့ ပြောပါတယ်။ ဒီဥပဒေအရ စားသုံးသူတွေဟာ ဘေးအန္တရာယ်ကင်းတဲ့ ကုန်စည် ဒါမှမဟုတ် ၀န်ဆောင်မှုတွေကို အသုံးပြုခွင့်ရှိပြီး ဒါတွေနဲ့ ပတ်သက်လို့ အငြင်းပွားတာတွေကို ဖြေရှင်းပေးဖို့ အရေးဆို တိုင်တန်းနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024