A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်သူ အယောက် ၅၀ ရှိပြီ

တောင်ကိုရီးယားနိုင်ငံမှာ မားစ် (MERS) လို့ ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်သူ နောက်ထပ် ၉ ယောက် တိုးလာတာကြောင့် စုစုပေါင်း အယောက် ၅၀ ရှိသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ဇွန် ၆ ရက်နေ့က ပြောပါတယ်။ ဆေးရုံတင်ထားရတဲ့ လူနာတွေထဲက တယောက်ကတော့ အခြေအနေ ပြန်ကောင်းသွားတာကြောင့် ဆေးရုံကနေ ပြန်ဆင်းနိုင်ပြီလို့ ပြောပါတယ်။ တောင်ကိုရီးယားမှာ မေလ ၂၀ ရက်နေ့က မားစ် ရောဂါ ကူးစက်ခံရသူကို ပထမဆုံး တွေ့ရှိခဲ့ရပြီးနောက် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အခုနောက်ဆုံး ကူးစက်ခံရသူ ၉ ယောက်ကို ဆေးရုံတင်ထားပြီး စောင့်ကြည့်ေ်နတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန် ဂျန် ၀ုခ် က ပြောပါတယ်။ ကျန်းမာရေး ပြန်ကောင်းလို့  ဆေးရုံကနေ ဆင်းသွားတဲ့ လူနာဟာ လူနာဟာ မေလ ၂၀ ရက်နေ့က မားစ်ရောဂါအဖြစ် စတင် တွေ့ရှိခဲ့ရတဲ့ လူနာရဲ့ ဇနီးသည် ဖြစ်ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ နောက်ထပ် လူနာ ၂ ယောက်လည်း ဆေးရုံက ပြန်ဆင်းရမယ့် အခြေအနေမျိုး ကျန်းမာရေး ကောင်းမွန်လာတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ဆိုပါတယ်။ မားစ်လို့ ခေါ်တဲ့ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါကို ၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ရပြီး သေဆုံးနှုန်းက လူ ၁၀၀ မှာ ၃၈ ယောက်အထိ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up