A d v e r t i s e m e n t With Us

ဘာစီလိုနာ-ဂျူဗင်တပ်စ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲကြို

ဇွန်လ ၆ ရက်နေ့ ညပိုင်း ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကတော့ ဥရောပချန်ပီယံစစ်စစ် ဘယ်အသင်းဖြစ်မလဲ အဖြေထွက်မယ့်ပွဲ ဖြစ်ပါတယ်။ ဒီနှစ် ဥရောပဖလားဗိုလ်လုကြမယ့် စပိန်က ဘာစီလိုနာအသင်းနဲ့ အီတလီက ဂျူဗင်တပ်စ်အသင်းတို့ဟာ သူတို့နိုင်ငံတွေရဲ့ ပြည်တွင်းလိဂ်တွေမှာ ဗိုလ်စွဲထားတဲ့အသင်းတွေဖြစ်ပြီး လက်ရှိမှာ ဖလား ၂ လုံးစီ ရရှိထားကြတာမို့ ဒီညနိုင်မယ့် အသင်းဟာ တရာသီအတွင်း ဖလား ၃ လုံးရမယ့် အအောင်မြင်ဆုံးအသင်းဘွဲ့ ခံယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ နိုင်ခဲ့သလို ဂျူဗင်တပ်စ်အသင်းကလည်း စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။ ဗိုလ်စွဲတဲ့ သမိုင်းကြောင်းပြန်ကြည့်ရင် ဘာစီလိုနာက ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရရှိဖူးပြီး ဂျုဗင်တပ်က  ၂ ကြိမ် ရဖူးပါတယ်။ နိုင်ငံအနေနဲ့ကြည့်ရင်တော့ စပိန်ကလပ်အသင်းတွေက ချန်ပီယံလိဂ်ဖလား ၁၄ ကြိမ်ရဖူးပြီး အီတလီကလပ်အသင်းတွေက ၁၂ ကြိမ် ရဖူးပါတယ်။ ချန်ပီယံလိဂ်မှာ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တာက ၂၀၀၃ ခုနှစ်ကဖြစ်ပြီး ကွတာဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်စ်က တပွဲနိုင်၊ တပွဲသရေ ရလဒ်နဲ့ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့ဖူးပါတယ်။ အိုလံပစ်အားကစားဂျာနယ်၊ အယ်ဒီတာ ကိုဟိန်းသန့်ကတော့ ဘာစီလိုနာတိုက်စစ်မှူး ၃ ယောက် ဂိုးသွင်းခြေမှန်နေတဲ့အတွက် ဘာစီလိုနာပဲ နိုင်မယ်လို့ သုံးသပ် ပြောပါတယ်။ “အဓိကကတော့ အမှားလုပ်မိတဲ့အသင်း ခံရဖို့များတယ်။ ပြိုင်ဘက်အသင်းက အမှားလုပ်လာရင် အဲ့ဒီအမှားကို အသုံးချနိုင်တဲ့ ကစားသမားတွေ ဘာစီလိုနာမှာ ပိုပြီးတော့ များတယ်။ ဂျူဗင်တပ်စ် နောက်တန်းမှာ ခီယယ်လီနီ မပါနိုင်ဘူးဆိုတဲ့အတွက် အသင်းရဲ့ နောက်တန်း အားနည်းသွားတယ်၊ ခံစစ်ပိုင်းမှာ တော်တော်လေး အားလျော့သွားနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ ဘာစီလိုနာက တိုက်စစ်ပိုင်းက ၃ ယောက်စလုံးက အကောင်းဆုံးပုံစံ ရနေတယ်။ စုစည်းမှုလဲ ရှိနေတယ်ဆိုတော့ ဒီပွဲက ဘာစီလိုနာပဲ နိုင်ဖို့ များပါတယ်။” ဒီနှစ်သင်းယှဉ်ကြည့်ရင် ကမ္ဘာကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ဆွာရက်တို့ ပါဝင်တဲ့ ဘာစီလိုနာအသင်းက အနိုင်ရဖို့ ပိုပြီး ရေပန်းစားနေပေမယ့် တည်ငြိမ်ပြီး အတွေ့အကြုံများတဲ့ ဂျူဗင်တပ်စ်အသင်းကိုလည်း လျှော့တွက်လို့ မရပါဘူး။ အာရှဈေးကွက်မှာ ဘာစီလိုနာဘက်က ၁ ဂိုးသရေ ပေးထားတာမို့ ဈေးမြင့်တယ်လို့ ပြောနိုင်ပြီး ဘာစီလိုနာအနေနဲ့ ဂျုဗင်တပ်ကို ခက်ခက်ခဲခဲကစားပြီး ဗိုလ်စွဲသွားဖို့ များပါတယ်။

A d v e r t i s e m e n t With Us

More News
Up