Home
မြန်မာသတင်း
ကချင်နှင့်ရှမ်းပြည်နယ်တွင် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် အကူအညီလိုအပ်
နော်နိုရင်း
·
June 6, 2015
စစ်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တ၀ှမ်းမှာရှိတဲ့ ပြည်တွင်းဒုက္ခသည် ၁ သိန်း ၂ သောင်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ လတ်တလောအချိန်အထိ စစ်ပြေး ပြည်တွင်းဒုက္ခသည်တွေဟာ လူတဦးကို တနေ့  ကျပ် ၄၀၀ နှုန်းနဲ့  စားသုံးနေရပြီး ဇွန်လနောက်ပိုင်းမှာ အကူညီတွေ တ၀က်လောက် ထပ်ဖြတ်ခံရဖို့ ရှိတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်းရက်က မိုင်လှအေးက ပြောပါတယ်။ “အိုင်ဒီပီက လောလောဆယ် ၁ သိန်း ၂ သောင်းကျော်ရှိတာပေါ့။ အဲတော့ လောလောဆယ် လူတဦးက တရက်ကို ၄၀၀ နဲ့ အသက်ရှင်နေရတယ်။ ဒီ ဇွန်လနောက်ပိုင်းဆိုလို့ ရှိရင်လည်း ၅၀ ရာခိုင်နှုန်းဖြတ်ဖို့ အလှူရှင် အဖွဲ့အစည်းတွေက ပြင်ဆင်နေကြတာပေါ့။ အဲတော့ အလှူရှင်က ၅၀ ရာခိုင်နှုန်းဖြတ်တယ်ဆိုရင် လူတွေက တရက် ကျပ် ၂၀၀ နဲ့ပဲ အသက်ရှင်ရတော့မယ်ပေါ့။ အဲတော့ ကျမတို့က ဒီကိစ္စကို မဖြတ်ပါနဲ့ ထပ်ပြီးမှတောင် တိုးပေးသင့်တယ်ဆိုတဲ့ သတင်းစကား ပါးချင်တယ်။” လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ တယောက်ကို  တလ ၁၂၅၀၀ ကျပ်နဲ့ ညီမျှတဲ့ ဆန် ၆ ပြည် ၆ လုံး၊ ဆီတဘူးနဲ့ ဆားအနည်းငယ်သာ ရရှိကြတယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေကလည်း လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ရွေးကောက်ပွဲတွေမှာ အာရုံစိုက် ကူညီကြတာ များတဲ့အတွက် ဒုက္ခသည်တွေကို ကူညီဖို့ စိတ်ပါဝင်စားမှု နည်းသွားတယ်လို့လည်း ဆိုပါတယ်။ လာမယ့် ဇွန် ၉ ရက်  အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတဲ့ ၄ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုအနေနဲ့ ဇွန် ၆ ရက်နေ့ကျရင် ရန်ကုန် တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ အထိမ်းအမှတ်ပြုလုပ်ပြီး ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကောက်ခံသွားမယ်လို့လည်း မိုင်လှအေးက ပြောပါတယ်။ “ခွင့်ပြုချက်ရထားတဲ့နေရာမှာ မနက်ဖြန် သီချင်းဆိုမယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကတွေ၊ အိုင်ဒီပီကိစ္စနဲ့ ပတ်သက်တဲ့ အကတွေ၊ ပါဖောင်းမန့်တွေ လုပ်မယ်။ ဓာတ်ပုံပြတာတွေပါမယ်။ သရုပ်ပြတွေပါမယ်။ နောက် သတင်းအချက်အလက်တွေ မျှဝေကြမယ်ပေါ့။ ကာတွန်းဆွဲမယ်။ ဓာတ်ပုံပြပွဲလည်းလုပ်မယ်။ ပြီးတော့ ကျမတို့ အဲဒီမှာလည်း အလှူခံမှာ ဖြစ်ပါတယ်။” ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ကချင်စစ် ၄ နှစ်ပြည့် လှုပ်ရှားမှုတိုင်းမှာ ပူးပေါင်းပါဝင် ၀န်းရံပေးကြဖို့၊ အကြံဉာဏ်ဝိုင်းပေးဖို့နဲ့ လိုအပ်တဲ့နေရာတွေမှာ ၀င်ရောက်ကူညီ ပံ့ပိုးပေးကြပါလို့လည်း တိုက်တွန်းပြောဆိုသွားတယ်။ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဒုက္ခသည်တွေဆီကို ပေးပို့သွားမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024